Showing posts with label မြန်မာသတင်း. Show all posts
Showing posts with label မြန်မာသတင်း. Show all posts

Wednesday, September 23, 2015

မဲဆန္ဒရှင် ပညာပေး လုပ်ငန်းတွေ စီစဉ် ဖေါ်ထုတ်ပေးဖို့ တိုက်တွန်း


ရွေးကောက်ပွဲ စောင့်ကြည့်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး သြဂုတ်လ ၁ဝ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ PACE အဖွဲ့က သတင်းစာ ရှင်းလင်းစဉ်။ Photo: Thiha Tun / RFA

သက်ဆိုင်ရာက ထုတ်ပြန် ထားတဲ့ မဲစာရင်း တွေကို မဲဆန္ဒရှင်တွေ ကြည့်ရှုနှုန်း မြင့်မားလာ စေအောင် ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေး ပါတီနဲ့ အရပ်ဘက် လူမှုအဖွဲ့ အစည်းတွေ ပူးပေါင်းပြီး မဲဆန္ဒရှင် အသိပညာပေး လုပ်ငန်းတွေ အရှိန်မြင့် ဆောင်ရွက်ဖို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့ဖြစ်တဲ့ People's Alliance for Credible Elections (PACE) အဖွဲ့က တိုက်တွန်း လိုက်ပါတယ်။


PACE အဖွဲ့ဟာ မဲစာရင်းစတင်ထုတ်ပြန်တဲ့ရက်ကနေစပြီး စက်တင်ဘာ၂၀ရက်နေ့အထိ ပြည်နယ်နဲ့ တိုင်းအသီးသီးက မြို့နယ်ပေါင်း ၁၁၀ မှာလေ့လာစောင့်ကြည့်ပြီး အခုလိုတိုက်တွန်းတာဖြစ်တယ်လို့ အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုစိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။

"တစ်ပတ်ကြာ ကျနော်တို့ မဲဆန္ဒရှင်စာရင်းကြေညာတာကို စောင့်ကြည့်ခဲ့တယ်၊ အဲဒါစောင့်ကြည့်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကနဦးအစီရင်ခံစာကိုထုတ်တာပါ၊ အဓိက ကျနော်တို့ သုံးသပ်တဲ့အပိုင်းက အရေးအကြီးဆုံးအချက်တစ်ချက် ပြောရမယ်ဆိုရင် ရွေးကောက်ပွဲယုံကြည်မှုပေါ့၊ မဲဆန္ဒရှင်အများအပြား မဲစာရင်းကို သွားမကြည့်ဖြစ်တော့ သူတို့ရဲ့နာမည်တွေ မဲစာရင်းမှာမပါဘူးဆိုလို့ရှိရင် ရွေးကောက်ပွဲနေ့ကျမှ အဲ့ဒါကိုသိရမယ်၊ အဲ့ဒီအခါကျမှ မဲရုံရှေ့မှာ မဲမပေးရဘဲ ပြန်သွားရမယ့်လူတွေများမယ်၊ ဒါရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား ရည်ရွယ်ချက်မရှိဘဲလုပ်တာလားအပေါ်မှာ အငြင်းပွားစရာတွေဖြစ်လာနိုင်တယ်၊ ပဋိပက္ခတွေဖြစ်လာနိုင်တယ်"

အဖွဲ့အနေနဲ့ မဲစာရင်းကြေညာထားတဲ့နေရာပေါင်း ၄၂၁ နေရာကို လေ့လာစောင့်ကြည့်ခဲ့တာဖြစ် ပြီး နေရာတော်တော်များများမှာ သတ်မှတ်ထားတဲ့ရက်နဲ့ အချိန်အတိုင်း ကြေညာထားတာမတွေ့ရဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မဲစာရင်းအမှားကို ပြင်ဆင်၊ ဖြည့်စွက်ကန့်ကွက်သူ အရေအတွက်နည်းပါးပြီး စောင့်ကြည့်ခဲ့တဲ့နေရာတွေထဲ က ၄၂ရာခိုင်နှုန်းဟာ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းနဲ့ အသိပညာပေးစာရွက်စာတမ်း၊ ပစ္စည်းတွေကို မဲစာရင်းကြေ ညာတဲ့နေရာနဲ့ အနီးတ၀ိုက်မှာ ထားထားတာမတွေ့ရဘူးလို့ပြောပါတယ်။

PACE အဖွဲ့ဟာ ၂၀၁၅ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တရားဝင်မှတ်ပုံတင်ထားတဲ့အဖွဲ့ဖြစ်ပါတယ်။

RFA Burmese

Original link - https://www.facebook.com/RFA-Burmese-39218993127/timeline/

လိပ်ကျွန်းလူသတ်မှု သက်သေခံ ပစ္စည်းမှာ မြန်မာနှစ်ဦး DNA မတွေ့ရ



ထိုင်းနိုင်ငံ ကော့တောင် ကျွန်းလို့ ခေါ်တဲ့ လိပ်ကျွန်းမှာ ပြီးခဲ့တဲ့နှစ်က သတ်ဖြတ် ခံခဲ့ရတဲ့ ဗြိတိန်နိုင်ငံသား ၂ ဦးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံက နာမည်ကျော် မှုခင်း စစ်ဆေးရေး ဌာနက ဆရာဝန်တွေနဲ့ မှုခင်း တပ်ဖွဲ့မှာ တာဝန် ထမ်းဆောင် ဖူးတဲ့ ရဲအရာရှိ အပါအ၀င် တရားခံပြ သက်သေ ၃ ဦးကို ဒီကနေ့ စစ်ဆေး ခဲ့ပါတယ်။


လူသတ်မှုနဲ့ ပတ်သက်လို့ သတ်ဖြတ်ရာမှာ အသုံးပြု ခဲ့တယ်လို့ ရဲအာဏာပိုင်တွေ သက်သေ တင်ထားတဲ့ ပေါက်တူးမှာ စွပ်စွဲခံ ထားရတဲ့ လူငယ် ၂ ဦးရဲ့ DNA မျိုးရိုးဗီဇ မတွေ့ရဘဲ သေဆုံးသူ ၂ ဦးရဲ့ DNA အပြင် အမည် မသိသူ ၂ ဦးရဲ့ DNA တွေကို တွေ့ရ တယ်လို့ ထွက်ဆို သွားပါတယ်။

အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တနှစ်ကျော်ကြာပြီဖြစ်တဲ့ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ ကော့စမွေတရားရုံးမှာ တရားခံပြ သက်သေတွေကို ထပ်မံစစ်ဆေးရာမှာ အင်္ဂါနေ့မှာတော့ ထိုင်းနိုင်ငံ အမျိုးသား မှုခင်း စစ်ဆေးရေးဌာနက ဆရာဝန်တွေနဲ့ မှုခင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမှူးကြီးတဦးကို စစ်ဆေးခဲ့တာပါ။ တရားခံပြသက်သေတွေရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်လို့ တရားခံတွေရဲ့ အကျိုးဆောင်ရှေ့နေ ဦးအောင်မျိုးသန့် က အခုလို ပြောပါတယ်။

“အမျိုးသား မှုခင်း စစ်ဆေးရေးဌာနက ဆရာဝန်၊ ဒုတိယက ရဲမှုခင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမှူးကြီး၊ နောက် တတိယက အဲဒီ ထောင်ထဲမှာ ကလေးတွေကို သွားပြီးတော့ စစ်တဲ့ ဆရာဝန် ဒီ ၃ ယောက်ပေါ့ ပထမဆုံးစစ်တဲ့ဆရာဝန်က ဒေါက်တာပွန်ထစ်တို့ ဌာနကပဲလေ။ သူကလည်း အဲဒီ ပြောချင်တဲ့အတိုင်းကတော့ ဒီကလေးတွေရဲ့ DNA က မတူဘူးဆိုတာနဲ့ ပေါက်တူးမှာရှိတဲ့ ပထမဆုံး DNA ၂ ခုက မိန်းမနဲ့ ယောကျာ်း DNA အဲဒါကတော့ သေတဲ့လူ ၂ ယောက်ရဲ့ ဒေးဗစ်နဲ့ ဟန်နာရဲ့ DNA နောက်တခါ အမည်မသိတဲ့ ယောကျာ်း DNA နှစ်ခု၊ တခုက ပြည့်စုံတယ်၊ တခုက မပြည့်စုံဘူး။ အဲဒီ DNA နှစ်ခုက ကလေးတွေရဲ့ DNA နဲ့မတူဘူး။ ဒါကိုပဲ ထွက်ဆိုသွားတာပါ။”

မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ လူသတ်မှုတွေနဲ့ ပတ်သက်လို့ DNA စစ်ဆေးရာမှာ ဆေးရုံတွေကနေ သေချာစစ်ဆေးဖို့ လိုအပ်တဲ့အကြောင်း မှုခင်းရဲအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမှူးကြီးကလည်း ထွက်ဆိုသွားတယ်လို့ အခုလို ပြောပါတယ်။

“ရဲမှုခင်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲမှူးကြီးထွက်ဆိုတာကတော့ ဒီလိုမျက်မြင်သက်သေမရှိတဲ့ မုဒိမ်းမှုဖြစ်တဲ့ အမှုတွေမှာ မိန်းကလေးကို စစ်ဆေးတဲ့အခါမှာ အချင်းဖြစ်တဲ့နေရာတင် မကဘဲနဲ့ ဆရာဝန်တွေ၊ ဆေးရုံတွေမှာလည်း လိုက်စစ်သင့်တယ်ပေါ့။ ဘယ်လိုစစ်ရမလဲဆိုရင် သူ့ရဲ့တန်ဆာပေါ်မှာရှိတဲ့ အမွှေးအမျှင်တွေကို ဘီးနဲ့ဖြီးရမယ်ပေါ့လေ။ အဲ့လို ဘီးနဲ့ဖြီးလို့ရှိရင် အဲဒီမှာ မုဒိမ်းကျင့်တဲ့ယောကျာ်းရဲ့ အမွှေးအမျှင် ပတ်သက်လာလို့ရှိရင် တရားခံလိုက်ရလွယ်တယ် ဆိုတဲ့ဟာကို လာထွက်သွားတာ သူက။”

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့တုန်းကတော့ ထိုင်းနိုင်ငံရဲ့ တရားမျှတရေး ၀န်ကြီးဌာနက ၀န်ထမ်းတွေဟာ မြန်မာလူငယ် ၂ ဦးရဲ့ DNA ကို ထပ်မံစစ်ဆေးဖို့အတွက် တရားခွင်မှာပဲ တံတွေးတွေကို ရယူသွားခဲ့ပါတယ်။ ဒီစစ်ဆေးမှုကို ထိုင်းနိုင်ငံ အမျိုးသားမှုခင်းစစ်ဆေးရေးဌာနက ထိုင်းနိုင်ငံက မှုခင်းဆေးဆရာဝန်ကြီး ဒေါက်တာပွန်ထစ် က စစ်ဆေးခဲ့ပါတယ်။

သတ်ဖြတ်မှုမှာ အသုံးပြုတယ်လို့ ရဲအာဏာပိုင်တွေက သက်သေအဖြစ် တရားရုံးမှာတင်ပြထားတဲ့ ပေါက်တူးမှာ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ဦးရဲ့ DNA တွေကို မတွေ့ရဘူးလို့ ပြီးခဲ့တဲ့ တရားခွင်မှာ ဒေါက်တာပွန်ထစ်က ထွက်ဆိုသွားခဲ့တာပါ။ ဒီအမှုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံတွင်းမှာ ဝေဖန်မှုတွေလည်း ရှိနေတာပါ။

မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၀၀၀ ခန့် အလုပ်လုပ်ကိုင်နေတဲ့ လိပ်ကျွန်းမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့က လူသတ်မှုဖြစ်ပွားပြီး ရက်ပိုင်းအတွင်းမှာ လက်ရှိ တရားခံတွေအဖြစ် စွပ်စွဲခံရသူ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ကို တခြားရွှေ့ပြောင်းအလုပ်သမားတွေနဲ့အတူ သံသယရှိသူတွေအဖြစ် ရဲတွေက DNA စစ်ဆေးရယူခဲ့တာပါ။

အဲဒီအချိန်တုန်းက DNA တူညီမှု မရှိဘူးဆိုကာ ပြန်လွှတ်ပေးခဲ့ပြီး၊ ၂ ပတ်ခန့်အကြာ ၂၀၁၄ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းမှာပဲ မြန်မာလူငယ် ၂ ဦးကို ပြန်လည်ဖမ်းဆီးပြီး လူသတ်မှုနဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်ရှင်။

မအေးအေးမာ / ဗွီအိုအေ (မြန်မာပိုင်း)

Original link - http://burmese.voanews.com/content/thailand-murder-case/2974952.html

ကော့သောင်း - ရနောင်း နယ်စပ်ဖြတ်သန်းခ နှုန်းထားအား ထိုင်းဘက်မှ လျှော့ချ



ကော့သောင်း စက်တင်ဘာ ၂၂

(မြန်မာ) ကော့သောင်း - (ထိုင်း) ရနောင်း နယ်စပ် တစ်လျှောက် ဖြတ်သန်း သွားလာသူ ပြည်သူ များအား ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီး ကြပ်ရေး ဌာနမှ စက်တင်ဘာ ၁၉ ရက် နံနက်ပိုင်းမှ စတင်၍ နယ်စပ် ဖြတ်သန်းခ ကောက်ခံမှု နှုန်းထားအား လျှော့ချ ကောက်ခံ လျက်ရှိကြောင်း သိရသည်။


မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သည့် ကော့သောင်းမြို့မှ ရနောင်းမြို့သို့ နိစ္စဓူဝ အပြန်အလှန် ကူးသန်းသွားလာ ရောင်းဝယ်ဖောက်ကား လျက်ရှိသည့် နှစ်နိုင်ငံ ပြည်သူ များအား လူတစ်ဦးလျှင် ယခင်ကာလက ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာနမှ နယ်စပ်ဖြတ်သန်းခနှုန်းထား အဖြစ် ထိုင်းငွေ ၃ဝ ဘတ်နှုန်း ကောက်ခံ နေခဲ့ရာမှ စက်တင်ဘာ ၁၉ ရက်မှစတင်၍ ၃ ဘတ်နှုန်းသို့ နောက်ဆုံး ထုတ်ပြန် ခဲ့သည့် ထိုင်းနိုင်ငံ၏ ခရီးသွားလာမှု ဆိုင် ရာ မူဝါဒအရ လျှော့ချကောက်ခံ ခြင်းဖြစ်ရာ ဒေသနေ ခရီးသွားပြည်သူများ၊ အခြေခံ လူတန်းစား ဈေးရောင်း ဈေးဝယ်များ ဝမ်းမြောက် ကြိုဆိုလျက် ရှိကြောင်း သိရသည်။

ဖြတ်သန်းရာတွင် ထိုင်းနိုင်ငံသို့အဝင် ခရီးသည်တင်ကူးတို့လှေ (ပဲ့ချိတ်)ပေါ်ပါ ခရီးသည်စာရင်းအား လှေမောင်းသူမှပြုစု၍ ထိုင်းရေဆိပ် လ.ဝ.ကရုံးသို့ တက်ရောက်သတင်းပို့ပြီး ခရီးသည်များအား ဓာတ်ပုံမှတ် တမ်း ရယူခြင်း၊ လိုအပ်သည့် ကိုယ်ရေး အချက် အလက်များ ဖြည့်စွက်ပြီး ဖြတ်သန်းခ ၃ ဘတ် ပေးသွင်းကာ ထိုင်းနိုင်ငံ နယ်နိမိတ် ၁၆ ကီလိုမီတာ အတွင်းသို့ ရက် သတ္တပတ်ကြာ နေထိုင် လည်ပတ် ဈေးရောင်း ဈေးဝယ် သွားလာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ အထွက်တွင် မြန်မာ လူဝင်မှု ကြီးကြပ်ရေး ဌာန အနေဖြင့် နယ်စပ် ဖြတ်သန်းမှု အဖြစ် မြို့ခံပြည်သူ များအား နှစ်နှစ် သက်တမ်း သတ်မှတ် ထားသည့်Border Pass (BP) စာအုပ် ထုတ်ပေးပြီး ဖြတ် သန်းခအဖြစ် တစ်ဦးလျှင် ငွေကျပ် ၃ဝဝ၊ ဒေသခံ မဟုတ်သူ များအား ခရီး တစ်ခေါက်အတွက် ယာယီ Temporary Border Pass (TBP) ကတ်ဖြင့် ဖြတ်သန်းခ ငွေကျပ် ၁ဝဝဝ နှုန်း ကောက်ခံ ဖြတ်သန်း ခွင့်ပြုလျက် ရှိကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်းပြန်/ဆက်)
The Mirror Daily

Original link - https://www.facebook.com/TheMirrorDaily

Monday, September 21, 2015

အငှားယာဉ်မောင်းအား လုယက် သူများကို ဖမ်းမိ



ရန်ကုန်၊ စက်တင်ဘာ ၂၀

၁၈.၉.၂၀၁၅ ရက်နေ့ ၂၃၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ အငှား ယာဉ်မောင်းဖြစ်သူ ကိုမျိုးမြင့်စန်းသည် ၎င်း၏ Probox အမျိုးအစား အငှားယာဉ်အား အောက် ကြည့်မြင်တိုင် လမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင် လာစဉ် ဟုမ်းလမ်း မှတ်တိုင် အလွန် အရောက် လူငယ် (၄) ဦးမှ လှိုင်သာယာ စက်မှုဇုန်သို့ သွားလိုကြောင်း ပြောဆို ငှားရမ်း သဖြင့် ၎င်းတို့အား တင်ဆောင်၍ မောင်းနှင် လာခဲ့ရာ လှိုင်သာယာ မြို့နယ်၊ ပန်းလှိုင်ဂေါက်ကွင်း လမ်းအရောက် လူငယ်များမှ ယာဉ်အား ရပ်ခိုင်းသဖြင့် ရပ်ပေး ခဲ့ပါသည်။


ထိုစဉ် ၎င်းတို့ အနက် တစ်ဦးက ကိုမျိုးမြင့်စန်း၏လည်ပင်းကို သိုင်းချုပ်ကာ ပါသည့် ပိုက်ဆံအား ပေးရန်တောင်း ခဲ့သဖြင့် ကားစထွက်ခြင်း ဖြစ်၍ ပိုက်ဆံ (၃၀၀) ကျပ်သာ ပါကြောင်း ရှင်းပြ သော်လည်း ၎င်းတို့မှ မယုံကြည်ဘဲ ယာဉ်အတွင်း လိုက်လံ ရှာဖွေ ခဲ့ပြီးနောက် ကိုမျိုးမြင့်စန်းအား ယာဉ်၏နောက်ခန်း တွင်ထိုင်စေကာ တစ်ဦးမှ ချွန်ထက်သောအရာဖြင့်ထောက်၍ အခြားတစ်ဦးမှ ယာဉ်အား မောင်းနှင် သွားခဲ့ ပါသည်။

၎င်းလူငယ် (၄) ဦးမှ ကိုမျိုးမြင့်စန်းအား လက်ကိုင်ဖုန်း ပေးရန် ထပ်မံတောင်းခဲ့ သဖြင့် လက်ကိုင်ဖုန်း မပါကြောင်း ပြောဆိုခဲ့ရာ လှိုင်မြို့နယ်၊ ဗဟိုလမ်းမ အရောက်တွင် လမ်းဘေး၌ ယာဉ်ကို ရပ်၍ ကိုမျိုးမြင့်စန်းအား ဆင်းခိုင်းပြီး ယာဉ်ကို မောင်းနှင် ယူဆောင် ထွက်ပြေးရန် ပြုစဉ် လှိုင်မြို့မ ရဲစခန်းမှ လှည့်ကင်း ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိခဲ့ပြီး ထိန်းသိမ်းကာ စစ်ဆေး မေးမြန်း ခဲ့ပါသည်။

စစ်ဆေးချက် အရ ၎င်းတို့ (၄) ဦးမှာ လှိုင်သာယာ မြို့နယ် နေသူများ ဖြစ်သည့် ဇင်ကို၊ (၁၉)နှစ်၊ ပေါက်စ (ခ) ရဲမင်း၊ (၂၁)နှစ်၊ ဆယ်ပြား (ခ) အောင်မျိုးထက်၊ (၂၃)နှစ်နှင့် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့နယ်နေ ဂျောက်ဂျက် (ခ) ဆံရှည် (ခ) သာနိုင်ဇံ၊ (၂၀)နှစ် တို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ (၄ )ဦးမှ ကိုမျိုးမြင့်စန်းအား မှန်ကွဲစဖြင့် ထောက်ကာ ယင်းသို့ ကျူးလွန် ခဲ့ခြင်း ဖြစ်သည်ကို သိရှိရပါသည်။

ယင်းသို့ ပြစ်မှု ကျူးလွန် သူများဖြစ်သည့် ဇင်ကိုပါ (၄) ဦးကို လှိုင်မြို့မ ရဲစခန်း (ပ) ၄၂၇/၂၀၁၅၊ ပြစ်မှု ပုဒ်မ-၃၈၂ ဖြင့် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက် လျက် ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police

Original link - https://www.facebook.com/yangonpolice

ပြောင်းလဲချိန်တန်ပြီလို့ ဒေါ်စုပြော


နေပြည်တော်၊ ဇေယျာသီရိမြို့နယ် အတွင်း ရွေးကောက်ပွဲ မဲဆွယ်နေသည့် ဒေါ်အောင်ဆန်း စုကြည် (စက်တင်ဘာ ၂၀၊ ၂၀၁၅)

မြန်မာ ပြည်သူ လူထုရဲ့ဘဝ ဖွံ့ဖြိုး တိုးတက်ပြီး လုံခြုံမှု ရှိလာစေဖို့ အတွက် မြန်မာနိုင်ငံမှာ အမှန် တကယ် ပြောင်းလဲဖို့ အချိန်တန် ပါပြီလို့ ဒေါ်အောင်ဆန်း စုကြည်က နေပြည်တော်မှာ ဒီကနေ့ ပြောလိုက် ပါတယ်။


တရားဥပဒေ စိုးမိုးလာစေမယ့် အုပ်ချုပ်သူအစိုးရ တရပ် ပေါ်ပေါက် လာဖို့လည်း အရေးတကြီး လိုအပ်နေပြီလို့ လူထုသောင်းချီ တက်ရောက်တဲ့ ဒီကနေ့ နေပြည်တော် ဇေယျာသီရိ မြို့ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေးခရီးအတွင်း ပြော လိုက်တာပါ။ ဒါပေမဲ့လို့ ၂၀၁၅ ရွေးကောက်ပွဲမှာ နေပြည်တော်ကမြို့နယ်တွေမှာ ပါတီ အောင်နိုင်ရေး ယှဉ်ပြိုင်မှုမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်ရနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ မဆုမွန်က တင်ပြပေးထားပါတယ်။

စက်တင်ဘာလ ၂၀ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်း နေပြည်တော်က ဇေယျာ သီရိမြို့နယ် နန်းသြ ကျေးရွာမှာ ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံချိန် မြန်မာပြည်မှာ အမှန်တကယ် ပြောင်းလဲချိန် တန်ပါပြီလို့ ပြောလိုက် ပါတယ်။

“ပြောင်းလဲမှုဟာ မှန်ကန်တဲ့ပြောင်းလဲမှုမျိုးဖြစ်ရမယ်။ နောက်ပြီးတော့လည်း တကယ်ပြောင်းလဲရမယ်။ တချို့ကျတော့ အပြောတော့ သိပ်ကောင်းတာပဲ၊ ဟိုဟာလုပ်ပေးပါမယ်၊ ဒီဟာလုပ်ပေးပါ့မယ်ဆိုပြီး အပြောပဲရှိတယ်၊ ဘာမှ သက်ရောက်မှုမရှိဘူး။ အဲဒါဟာ တကယ် အဲဒီလိုပြောပြီးတော့ပြောတဲ့ ပြောင်းလဲမှုမျိုးဆိုတာ တကယ့်စစ်မှန်တဲ့ပြောင်းလဲမှု မဖြစ်နိုင်ပါဘူး။

အဲဒီတော့ ကျမတို့ ဘာဖြစ်လို့ ပြောင်းချင်လဲ။ ဘာဖြစ်လို့ ပြောင်းချင်လဲဆိုတော့ ကျမတို့ပြည်သူတွေရဲ့ဘဝတွေ ဖွံ့ဖြိုးစေချင်လို့၊ လုံခြုံစေချင်လို့၊ တိုးတက်စေချင်လို့၊ ဆိုတော့ အဲဒါပြောင်းဖို့ ကျမတို့ဘာလိုလဲဆိုတော့ ခပ်တိုတိုပြောရရင် ပြည်သူ့ရဲ့မဲတွေကို လိုပါတယ်-လို့ ပြောပါရစေ။ ကျမတို့ပြည်သူက ခေါင်းထဲမှာ သေသေချာချာ စွဲပြီး မှတ်ထားရမှာက - မဲတိုင်း တစ်ခုချင်းတစ်ခုချင်းဟာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ အဲဒီမဲတွေကို မဖြုန်းပါနဲ့။ အဲဒီမဲတွေကို မရောင်းစားပါနဲ့၊ ပေးသမျှကို ယူပါ။ မဲကိုတော့ မပေးပါနဲ့လို့ ကျမ ပြောပါရစေ။”

ပြည်သူလူထုအနေနဲ့ မိမိတို့ရဲ့ အသက်အိုးအိမ်စည်းစိမ် ဘဝလုံခြုံမှုရှိစေဖို့ မိမိတို့အကျိုးကို ကာကွယ်စောင့်ရှောက်နိုင်မယ့် တရားဥပဒေ စိုးမိုးမှုရှိတဲ့ အုပ်ချုပ်သူ အစိုးရတရပ် ပေါ်ပေါက်လာရေး နိုင်ငံသားအခွင့်အရေးနဲ့အညီ မဲပေးကြဖို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

“ကျမတို့နိုင်ငံမှာ ဒီလို ဥပဒေကို အလွဲသုံးစားလုပ်ခဲ့တာ အင်မတန်ကြာပါပြီ။ ဥပဒေကောင်းတွေ ရှိလို့ရှိရင်တောင်မှ ထိထိရောက်ရောက်မဖြစ်တာကို ကျမတို့တွေ့ရပါတယ်။ အခု ဇေယျာသီရိအပါအဝင် ကျမတို့နိုင်ငံရဲ့ ကျေးလက်တောရွာအများအပြားမှာ ဆိုရင် အဓိကပြဿနာက လယ်ယာမြေ ပြဿနာပဲ။ ပြည်သူတွေရဲ့လယ်ယာမြေတွေကို မတရားသဖြင့်သိမ်းထားတာ၊ ဥပဒေက ပြန်ပေးဆိုလို့ရှိရင်လည်း မပေးတာ။ ပေးမယ်လို့ ပါးစပ်ကပြောပြီး တကယ်တော့ ကိုယ့်လက်ထဲပြန်မရောက်တာ။ ဒါမျိုးတွေဟာ တရားဥပဒေစိုးမိုးရေးမရှိလို့ ဖြစ်ရတဲ့ ကိစ္စတွေပါ။”

နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးခရီးစဉ်မှာတော့ ဒေသခံပြည်သူ ငါးသောင်းကျော် တက်ရောက်ခဲ့တယ်လို့ NLD ဘက်က ခန့်မှန်းပြောဆိုထားပါတယ်။ ဒါပေမဲ့လို့ နေပြည်တော် တခွင်မှာ ရှိတဲ့ ဇေယျာသီရိ မြို့နယ်အပါအဝင် မြို့နယ် တော်တော်များများမှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့အခါ ရွေးကောက်ပွဲ အောင်နိုင်ရေး စိန်ခေါ်မှု အခက်အခဲတွေနဲ့ ကြုံရနိုင်ပါတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကတော့ နေပြည်တော်က နေရာတချို့မှာ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တုန်းက အနိုင်ရခဲ့တဲ့ NLD ပါတီရဲ့ ဒီတကြိမ် ၂၀၁၅ မှာ ကြုံလာရနိုင်ခြေတွေကို အခုလိုပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလိုမျိုး နေပြည်တော်ဝန်းကျင် မြို့နယ်တွေမှာ အပြတ်အသတ် အနိုင်ရရှိတာမျိုးဖြစ်ဖို့ အလားအလာနည်းတယ်လို့ ကျနော်က မြင်ပါတယ်။ လတ်တလော အခု ဒေါ်အောင်ဆန်းစုကြည် မဲဆွယ် စည်းရုံးရေး သွားတဲ့ နေပြည်တော်ဝန်းကျင် မဲဆန္ဒနယ်တွေကတော့ ကျနော့အမြင်အားဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် စိန်ခေါ်မှုမြင့်မားတဲ့ မဲဆန္ဒနယ်တွေ ဖြစ်လာလိမ့်မယ်လို့ မြင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲဒီမဲဆန္ဒနယ်တွေမှာ ကြိုတင်မဲတွေလည်း အများကြီးရှိနိုင်ပါတယ်။ နောက်ပြီးတော့ အာဏာရပါတီရဲ့အမာခံကျေးရွာတွေ၊ အမာခံ ဒေသတွေလည်းပဲ ရှိနိုင်တဲ့အတွက်ကြောင့်မို့လို့ နေပြည်တော်ဝန်းကျင် မြို့နယ်တွေရဲ့အခြေအနေဟာ လာမယ့်ရွေးကောက်ပွဲမှာ တိုင်းရင်းသား ဒေသတွေမှာလိုပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် စိန်ခေါ်မှုမြင့်မားတဲ့ဒေသတွေဖြစ်လာမယ်လို့ မြင်ပါတယ်ဗျ။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ နေပြည်တော်ဇေယျာသီရိက ဒေသခံပြည်သူတွေကို အာဏာဟာ ပြည်သူ့လက်ထဲမှာရှိတယ်၊ အာဏာ ကြီးမားသူဟာ ပြည်သူသာ ဖြစ်တယ် ဆိုတာကို ပြည်သူတွေ သတိချပ်စေဖို့ တိုက်တွန်း ပြောဆို ပါတယ်။

တချိန်တုန်းက အာရှဒေသမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်ခဲ့တဲ့ မြန်မာနိုင်ငံဟာ အခုချိန်မှာ အစစရာရာ တိုးတက်မှု ကျဆင်းနေရတာဟာ စနစ်မကောင်းခဲ့လို့ ဖြစ်ရတဲ့အတွက် တိုင်းပြည်အတွင်း စနစ်ပြောင်း ခေတ်ပြောင်းနိုင်အောင် ပြည်သူတွေ ပူးပေါင်း ပါဝင်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုနေပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)

Original link - http://burmese.voanews.com/content/article/2971162.html

ထိုးနှက် တိုက်ခိုက်မှုတွေ အပေါ် ဒေါ်အောင်ဆန်း စုကြည် တုန့်ပြန်



ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ရင် မြန်မာနိုင်ငံကို "ကုလားတွေ" အုပ်ချုပ် လိမ့်မယ် လို့ ထိုးနှက် တိုက်ခိုက်မှုတွေ ရှိနေတဲ့ အပေါ် ဘယ်လို ပြောချင် ပါသလဲလို့ မေးမြန်း ရာမှာ ဒေါ်အောင်ဆန်း စုကြည်က အဲ့ဒီလိုပြောပြီး စည်းရုံး တိုက်ခိုက်ဟာ "အောက်တန်း ကျတဲ့ နိုင်ငံရေး" ဖြစ်ကြောင်းနဲ့ အဲ့ဒီလို ပြောဆိုနေ တာတွေကို နားထောင် စရာ မလိုကြောင်း ပြောပါတယ်။


ဒီကနေ့ နေပြည်တော် ဇေယျာသီရိ မြို့နယ် နန်းသြ ကျေးရွာမှာ ရွေးကောက်ပွဲ အသိပညာပေး ဟောပြောပွဲမှာ လူငယ်တစ်ဦးက မေးမြန်းတာကို ဒေါ်အောင်ဆန်း စုကြည် က ဖြေကြား ခဲ့တာ ဖြစ်ပါတယ်။

ဒီမိုကရေစီ စနစ်မှာ ပြည်သူတွေ ကလည်း ကိုယ့်တာဝန် ကျေပြွန်ဖို့ လိုအပ် သလို အာဏာကို အစိုးရ အပေါ် အားလုံး ပုံအပ်ထား တာမျိုး မလုပ်ကြဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ ဖွဲ့နိုင်ရင်လည်း အာဏာကို ပုံအပ် ထားတာမျိုး မလုပ်ဖို့ ကိုလည်း ပြောပါတယ်။

အန်အယ်လ် ပါတီအနေနဲ့ ကိုယ်စားလှယ် လောင်းတွေကို အကောင်းဆုံး ဖြစ်အောင် ရွေးချယ် ထားကြောင်းနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရ ဖွဲ့နိုင်မယ်ဆိုရင် ပြည်သူတွေ အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်ပေး သွားမှာဖြစ်ကြောင်း လည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ဒီကနေ့ ဟောပြောတဲ့ ဇေယျာသီရိ မဲဆန္ဒနယ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်မျိုးသွင်ဟာ ပြည်ခိုင်ဖြိုး ပါတီ ကနေ ယှဉ်ပြိုင်မယ့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်းနဲ့ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

နန်းသြကျေးရွာ ဟောပြောပွဲကို ဒေသခံ တစ်သောင်း နီးပါးလောက် တက်ရောက် ကြပါတယ်။

RFA Burmese

Original link - https://www.facebook.com/RFA-Burmese-39218993127/timeline/

အ​စိုး​ရ​ တပ်​မ​တော်​နှင့် ​ပ​လောင်​တပ်​ဖွဲ့တို့ ​တိုက်​ပွဲ​များ ​ဆက်​တိုက်​ ဖြစ်​ပွား​နေ



ပြီး​ခဲ့​သည့် ​ဇွန်​လ​မှ ​စ​တင်​ကာ ​ယ​နေ့​အ​ချိန်​ အ​ထိ ​အ​စိုး​ရ​ တပ်​မ​တော်​နှင့် ​တ​အာင်း (​ပ​လောင်)​ အ​မျိုး​သား ​လွတ်​မြောက်​ရေး ​တပ်​မ​တော်(TNLA) ​တို့​ကြား ​ရှမ်း​ပြည်​နယ်​ မြောက်​ပိုင်း​ဘက်​တွင် ​တိုက်​ပွဲ​များ ​ဆက်​တိုက် ​ဖြစ်​ပွား​လျှက် ​ရှိ​ကြောင်း ​သ​တင်း​ ရ​ရှိ​သည်။


ပြီး​ခဲ့​သည့် ​ဇွန်​လ ​အ​တွင်း​မှ ​ယ​နေ့​အ​ထိ ​အ​စိုး​ရ​တပ်​မ​တော် ​နှင့် ​တ​အာင်း(​ပ​လောင်)​အ​မျိုး​သား​လွတ်​မြောက်​ရေး​တပ်​မ​တော်(TNLA)​တို့ ​ရှမ်း​ပြည်​နယ်​မြောက်​ပိုင်း ​ကွတ်​ခိုင်၊ ​နမ့်​ဆန်၊ ​ကျောက်​မဲ ​စ​သည့်​ဒေ​သ​များ​တွင် ​နှစ်​ဖက်​ရင် ​ဆိုင်​တိုက်​ပွဲ(၁၈)​ကြိမ်​အ​ထိ ​ဖြစ်​ပွား​ခဲ့​ကြောင်း PSLF/TNLA ​သ​တင်း​နှင့်​ပြန်​ကြား​ရေး​ဌာ​န​မှ ​ဆို​သည်။

TNLA ​အ​ထွေ​ထွေ ​အ​တွင်း​ရေး​မှူး ​ဗိုလ်​မှူး​ကြီး ​တာ​ဘုန်း​ကျော်​က “​ဒီ​နေ့​လည်း ​တိုက်​ပွဲ​ဖြစ်​နေ​တယ်။ ​အ​စိုး​ရ​တပ်​မ​တော်​နဲ့​ကျွန်​တော်​တို့ ​တပ်​ဖွဲ့​တွေ​နဲ့ ​နှစ်​ဖက် ​ထိ​ခိုက် ​ကျ​ဆုံး​မှု ​ရှိ​မ​ရှိ​တော့ ​မ​သိ​သေး​ဘူး။အ​စိုး​ရ​ဘက်​က ​စစ်​အင်​အား​တွေ ​တိုး​ချဲ့​လာ​တော့ ​ကျွန်​တော်​တို့ ​လည်း ​ဘာ​မှ ​မ​တတ်​နိုင်​ဘူး။အ​တတ်​နိုင်​ဆုံး​တော့ ​ရှောင်​ရှား​နေ​တာ​ဘဲ ​တ​ချို့​နေ​ရာ​ကျ​တော့ ​ရှောင်​လို့​မ​ရ ​တော့ ​နှစ်​ဖက် ​ရင်​ဆိုင် ​တိုက်​ပွဲ​ဖြစ်​လာ​ရ​တယ်”​ဟု ​လွတ်​လပ်​သော​မွန်​သ​တင်း​အေ​ဂျင်​စီ​နှင့် ​ဆက်​သွယ်​မေး​မြန်း​ချက်​တွင် ၄င်း​က ​ပြော​သည်။

လက်​ရှိ​ဖြစ်​ပွား​နေ​သော ​အ​စိုး​ရ​တပ်​မ​တော်​နှင့် ​တ​အောင်း(TNLA)​တို့​ကြား ​တိုက်​ပွဲ​များ ​အ​ရှိန်​လျော့​ချ​နိုင် ​ရေး​အ​တွက် ​မိ​မိ​တို့​၏ ​အောက်​ခြေ ​တပ်​ဖွဲ့​များ​ကို ​အ​တတ်​နိုင်​ဆုံး ​ရှောင်​ရှား​မှု​များ ​ပြု​လုပ်​ရန် ​ညွန်​ကြား ​ထား ​ကြောင်း ​၎င်း​က ​ဆို​သည်။

တ​အောင်း(TNLA)​၏ ​တပ်​မ​ဟာ (၂) ​လက်​အောက်​ခံ ​တပ်​ရင်း(၅၂၇)၊ KIA ​တပ်​ဖွဲ့​ဝင် ​ပူး​ပေါင်း​အ​ဖွဲ့​နှင့် ​အ​စိုး ​ရ ​တပ်​မ​တော်​မှ ​တပ်​မ(၇၇)​တို့ ​ရှမ်း​ပြည်​နယ်​မြောက်​ပိုင်း၊​ကျောက်​မဲ​မြို့​နယ်၊​မိုင်း​လုံ​မြို့​နယ်​ခွဲ၊​နား​ခါး​လုံ ​အ ​ထက်​ဖက်​တွင် ​စက်​တင်​ဘာ ၂၀ ​ရက်(​ယ​နေ့) ​နံ​နက် ​ဝ၈း၁၀ ​နာ​ရီ ​မှ ​နေ့​လယ် ၁၁​နာ​ရီ​အ​ထိ ​နှစ်​ဖက်​ရင်​ဆိုင် ​တိုက်​ပွဲ​များ ​ဖြစ်​ပွား​ကာ ​အ​စိုး​ရ​တပ်​မ​တော်​ဘက်​မှ ၂ ​ဦး ​ကျ​ဆုံး​ခဲ့​ကြောင်း PSLF/TNLA ​သ​တင်း​နှင့် ​ပြန်​ကြား ​ရေး ​ဌာ​န​က ​ဆို​သည်။

ယင်း​နောက် ​စက်​တင်​ဘာ ၁၉ ​ရက်​မှာ​လည်း ​တ​အာင်း​ဒေ​သ၊​တပ်​မ​ဟာ(၃) ​နယ်​မြေ၊​မန်​တုံ​မြို့​နယ်၊​ဒ​ဘန် ​ကျေး​ရွာ​အ​နီး​တွင် ​တ​အောင်း​တပ်​မ​တော် ​တပ်​ရင်း(၇၆၅)​နှင့် ​အ​စိုး​ရ​တပ်​မ​တော် ​တပ်​မ(၇၇) ​တို့ ​နှစ်​ဖက် ​ရင် ​ဆိုင်​တိုက်​ပွဲ ​ဖြစ်​ပွား​ခဲ့​ပြီး ​စက်​တင်​ဘာ ၁၇ ​ရက်​၌ ​တ​အာင်း​ဒေ​သ၊​တပ်​မ​ဟာ(၃) ​နယ်​မြေ၊​မိုး​မိတ်​မြို့​နယ်၊ ​မိုး​လို​ကျေး​ရွာ​နှင့်​ဟိုက်​ထန်​ကျေး​ရွာ​ကြား​တွင် TNLA ​တပ်​ရင်း(၃၆၇/၇၇၃)​တပ်​ဖွဲ့​ဝင် ​တ​ချို့​နှင့် ​အ​စိုး​ရ ​တပ်​မ​တော်​၏ ​တပ်​မ(၇၇)​တို့ ​နှစ်​ဖက်​ရင်​ဆိုင် ​တိုက်​ပွဲ​များ ​ဖြစ်​ပွား​ခဲ့​သည်။

ထို့​အ​ပြင် ​စက်​တင်​ဘာ ၁၀ ​ရက်​နှင့် ၁၁ ​ရက်​နေ့​များ​က​လည်း ​တ​အောင်း​တပ်​မ​တော် ​နှင့် ​အ​စိုး​ရ​တပ်​မ​တော်​တို့ ​တိုက်​ပွဲ​များ ​ဖြစ်​ပွား​ခဲ့​ပြီး ​စက်​တင်​ဘာ ၇ ​ရက်​နှင့် ၈ ​ရက်​နေ့​မှာ​လည်း ​တိုက်​ပွဲ​များ ​ဖြစ်​ပွား​ခဲ့​သေး​သည်။

စက်​တင်​ဘာ ၇ ​ရက် ​နှင့် ၈ ​ရက်​နေ့ ​ဖြစ်​ပွား​ခဲ့​သော ​တ​အောင်း​တပ်​မ​တော် ​နှင့် ​အ​စိုး​ရ​တပ်​မ​တော်​တို့​၏ ​တိုက်​ပွဲ​၌ ​အ​စိုး​ရ​ဘက်​မှ ​အ​ရာ​ရှိ​တစ်​ဦး​အ​ပါ​အ​ဝင် ​စု​စု​ပေါင်း ၁၂ ​ဦး ​ကျ​ဆုံး​ခဲ့​ကြောင်း PSLF/TNLA ​သ​တင်း​နှင့်​ပြန်​ကြား​ရေး​ဌာ​န​က ​စက်​တင်​ဘာ ၁၀ ​ရက်​နေ့​တွင် ​ထုတ်​ပြန်​ခဲ့​သည်။

အ​ဆို​ပါ ​တိုက်​ပွဲ​များ ​ဖြစ်​ပွား​နေ​ခြင်း​က ​တ​အောင်း​လှုပ်​ရှား​နယ်​မြေ​အ​တွင်း​သို့ ​အ​စိုး​ရ​တပ်​မ​တော်​ဘက်​မှ ​တပ်​အင်​အား​များ ​တိုး​ချဲ့​လာ​ခြင်း၊​နယ်​မြေ​ရှင်း​လင်း​ရေး ​ခေါင်း​စဉ်​ဖြင့် ​တ​အောင်း​တပ်​များ ​လှုပ်​ရှား​သည့် ​နယ်​မြေ​အ​တွင်း ​ထိုး​စစ်​ဆင် ​လှုပ်​ရှား​လာ​ခြင်း၊​တပ်​စ​ခန်း​များ ​တိုး​ချဲ့ ​လာ​ခြင်း၊​စ​သည့် ​အ​ကြောင်း​အ​ရာ ​များ ​ကြောင့် ​တိုက်​ပွဲ​များ ​ဖြစ်​ပွား​လာ​ခြင်း​ဖြစ်​သည်​ဟု TNLA ​မှ ​ဗိုလ်​မှူး​ကြီး ​တာ​ဘုန်း​ကျော်​က ​ပြော​သည်။

တ​ဖက်​တွင်​လည်း ​စက်​တင်​ဘာ ၁၉ ​ရက်​က ​တ​အောင်း(​ပ​လောင်) ​အ​မျိုး​သား​လွတ်​မြောက်​ရေး​တပ်​မ​တော်(TNLA)​ဘက်​သို့ ​နှစ်​ဖက်​အ​ကျိုး​တူ Bilateral ​လက်​မှတ်​ရေး​ထိုး​ရန်​အ​တွက် ​အ​စိုး​ရ​ဘက်​က ​တွေ့​ဆုံ​ဆွေး​နွေး​လို​ကြောင်း ​မြန်​မာ​ငြိမ်း​ချမ်း​ရေး​စင်​တာ(MPC)​မှ ​ဦး​ညှိ​အုန်း​မြင့် ​ဖုန်း​ဖြင့် ​ဆက်​သွယ်​ကမ်း​လှမ်း​ခဲ့​သည်​ဟု ​ဆို​သည်။

မြန်​မာ​အ​စိုး​ရ​သည် ​တစ်​နိုင်​ငံ​လုံး​အ​ပစ်​အ​ခတ်​ရပ်​စဲ​ရေး​စာ​ချုပ် NCA ​လက်​မှတ်​ရေး​ထိုး​ရေး​အ​တွက် ​တိုင်း​ရင်း ​သား ​လက်​နက်​ကိုင်​အ​ဖွဲ့(၁၅)​ကို​သာ​ဖိတ်​ခေါ်​ထား​ပြီး ​ကျန် MNDAA၊ AA၊ TNL၊ WNO၊ LDU၊ ANC၊ ​စ​သည့် ​တိုင်း​ရင်း​သား ​လက်​နက်​ကိုင် ​ခြောက်​ဖွဲ့​ကို NCA ​လက်​မှတ်​ရေး​ထိုး​ခွင့် ​မ​ပြု​ကြောင်း ​ပြော​ဆို​ထား​သည်။

အိုက်​စိုင်း
လွတ်လပ်သော မွန်သတင်း အေဂျင်စီ

Original link - http://burmese.monnews.org

ဧရာဝတီတိုင်းမှာ မှတ်ပုံတင် အခမဲ့ပြုလုပ်ပေးပြီး မဲဆွယ်နေမှု NLD ပါတီ ကန့်ကွက်



ဧရာဝတီတိုင်း ဒေသကြီး ပြည် ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ကိုယ်စားလှယ် လောင်းအဖြစ် ရွေးချယ် ထားမှုနှင့် ၀န်ကြီးချုပ် ဦးသိန်းအောင် က မှတ်ပုံတင် အခမဲ့ ပြုလုပ် ပေးပြီး မဲဆွယ် မှုများကို ပြင်းပြင်း ထန်ထန် ကန့်ကွက်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး NLD ပါတီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့်က ပြောဆို လိုက်သည်။


“နိုင်ငံရေးပါတီများ လိုက်နာရမယ့် ဥပဒေ ဆိုတာ ရှိပါတယ်။ အခုက သူတို့ ပါတီ အနေနဲ့ လက်ရှိ အာဏာရ ထားတာကို အသုံးချ လုပ်ဆောင်နေတဲ့ အတွက် ကန့် ကွက် ပါတယ်”ဟု အမျိုးသား ဒီမိုက ရေစီအဖွဲ့ချုပ် ပါတီမှ ဧရာဝတီတိုင်း ဒေသကြီး ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က ပြောသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ ရွာများတွင် ၀န်ကြီးချုပ် ဦးသိန်းအောင်က မှတ်ပုံတင် အခမဲ့ပြုလုပ် ပေးနေခြင်းကို ရွေးကောက်ပွဲ ကော်မရှင်သို့ အဆင့်ဆင့် တိုင်ကြား ထားသော်လည်း အရေးယူမှု မရှိသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ ထံမှ သိရသည်။

“မဲစာရင်းမှာ ပါပြီး မှတ်ပုံတင် မရှိလို့ မဲမပေးရ တာမျိုးတွေ ဖြစ်လာမှာ စိုးလို့ မှတ်ပုံတင် အခမဲ့လုပ်ပေးတာပါ။ မှတ်ပုံတင် လုပ်ပေးလို့ ပါတီကို မဲပေးရမယ် လို့လည်း ပြောတာ မဟုတ်ပါဘူး” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဧရာဝတီတိုင်း ဒေသကြီး အတွင်းရေးမှူး ဦးအောင်တင်မြင့် က ပြောသည်။

MMK
The Ladies News Journal

Original link - https://www.facebook.com/News.TheLadies

Sunday, September 20, 2015

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အခမ်းအနား (ဓာတ်ပုံ)



နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေး စင်တာမှာ ဒီကနေ့ မနက် ၉ နာရီမှာ စတင် ကျင်းပနေ ပါတယ်။


အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအဝင် တိုင်ရင်းသား ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး ပါတီတွေနဲ့ သံသမန်တွေ တက်ရောက် ခဲ့ပါတယ်။

ဓာတ်ပုံ – မျိုးဇော်လင်း




DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/112718

ထိုင်း - မြန်မာ ပူးပေါင်းပြီး သံဃာအပါး ၁ သောင်းကို ဆွမ်းဆန်စိမ်း လောင်းလှူ



မန္တလေးတိုင်း ဒေသကြီး အတွင်းမှာ မြန်မာနိင်ငံနဲ့ ထိုင်းနိုင်ငံတို့ ပူးပေါင်းပြီး သံဃာတော် အပါး (၁ သောင်း)ကို ဆွမ်းဆန်စိမ်း လောင်းလှူပွဲ အခမ်းအနားက မန္တလေး တောင်ခြေမှာ ဒီကနေ့ မနက် ၇ နာရီက ပြုလုပ် ခဲ့ပါတယ်။


မန္တလေးတိုင်း အတွင်းက သံဃာတွေနဲ့ ထိုင်းနိုင်ငံက သံဃာတွေ လာရောက် ခဲ့ကြသလို မန္တလေးမြို့က ကုသိုလ်ရှင် ဒကာ ဒကာမ တွေလည်း လာရောက် ခဲ့ကြပါတယ်။

သံဂါ ၁ သောင်းကို ဆွမ်းဆန်စိမ်း လောင်းလှူ ရတဲ့ အဓိက အကြောင်း ကတော့ ဗုဒ္ဓဘာသာ သာသနာတော်ကို ပိုပြီး တည်တံ့ ခိုင်မြဲပြန့်ပွား စေဖို့နဲ့ ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်သလို ၂ နိင်ငံ ရင်းနှီး ချစ်ခင်မှု ပိုမို တိုးတက် လာစေဖို့နဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုတွေ မပျောက်ပျက်ဖို့ ရည်ရွယ် တယ်လို့ သိရပါတယ်။

ဓာတ်ပုံ – အိမ်ခိုင်မြဲ





DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/112707

ရှမ်းပြည်နယ် မြောက်ပိုင်း နေရာ အနှံ့ တိုက်ပွဲများ ဖြစ်ပွား


လှုပ်ရှား သွားလာနေသော အစိုးရ တပ်သား တချို့ကို တွေ့ရစဉ် Photo: Kyaw Myo Min / RFA

ရှမ်းပြည်နယ် မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသမှာ အစိုးရနဲ့ ကေအိုင်အို တပ်ဖွဲ့တွေ အကြား နေရာအနှံ့  တိုက်ပွဲတွေ ဖြစ်ပွား နေတယ်လို့ သိရပါတယ်။


အခု စက်တင်ဘာလ စောစောပိုင်း ကတည်းက ကေအိုင်အို တပ်မဟာ ၄ ဒေသ မုံးကိုး မြို့နယ် အတွင်းရှိတဲ့ တပ်ရင်း ၃၆ လှုပ်ရှားနေတဲ့ နယ်မြေမှာ မနေ့က ညအထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွား ခဲ့ပါတယ်။ တပ်မဟာ ၄ ဒေသမှာလဲ နေရာအနှံ့ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ တပ်မဟာ ၄ တပ်မှူး ဗိုလ်မှုးကြီး ဇော်ရော် က ပြောပါတယ်။

"တစ်ပတ်လောက် ရှိပါပြီ ကြီးကြီး ကျယ်ကျယ် ထိုးစစ်ဆင်တာ တပ်ရင်း ၃၆ မုန်းကိုး ဧရိယာပေါ့ နောက်ဆုံးအခြေအနေက ရင်ဆိုင် တိုက်ပွဲ ရှေ့မှာ ရောက်နေတယ် လေယာဉ်ကတော့ မနေ့က တက်လာတယ် ဒါပေမဲ့ အဲဒီမှာ မရောက်ဖူး ပြန်ဆင်း သွားတယ်။ လက်နက်ကြီးတွေ ကတော့ တော်တော် များများသုံးနေကြတယ်။

သူက အဲဒီမှာ တနေရာတည်းဖြစ်တာမဟုတ်ပဲ ကချင်ဘက်မှာတွေ တပ်ရင်း ၁၂ မှာလဲ ဆက်တိုက်ဖြစ်နေ တယ် ဆက်တိုက် ထိုးနေကြတယ် ၃၄ ဘက်မှာလဲ ဖြစ်တယ် တပ်ရင်း ၉ မှာလဲ ဖြစ်တယ်"

တိုက်ပွဲမှာ အစိုးရ တပ်ကရော ကေအိုင်တပ်ကပါ ထိခိုက်ကျဆုံး တာတွေ ရှိပေမဲ့ သူ့အနေနဲ့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။ ဘာ့ကြောင့် အစိုးရတပ် က အဲဒီနေရာကို အပြင်းအထန် တိုက်ခိုက်နေ ရတာလဲ လို့ RFA ဆက်လက် မေးမြန်းတဲ့ အခါမှာ

"နယ်မြေစိုးမိုးရေး ဆိုတာ သူတို့ရဲ့ မဟာဗျူဟာပဲ ငြိမ်းချမ်းရေး ဖေါ်ဆောင်တဲ့ နေရာမှာ NCA ပြင်ဆင်နေတဲ့ ကာလမှာ သူတို့က တပ်ကနေ ပြီးတော့မှ ဦးနိုင်တဲ့ နေရာ ဦးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက် အဲလို တကြောင်း ယူဆတာပေါ့"

ကေအိုင်အိုနဲ့ အစိုးရ အကြား ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ထိုးခဲ့ကြပြီး ၂ဝ၁၁ ခုနှစ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာ အခု အချိန်ထိ ဖြစ်ပါတယ်။

RFA Burmese

Original link - http://www.rfa.org/burmese/news/northern-shan-state-occur-battle-09182015232041.html

အမြန်လမ်း ယာဉ်တိုက်မှု သေဆုံးနှင့် ဒဏ်ရာရသူ များပြား



၂၀၁၅ - ခုနှစ် စက်တင်ဘာလ (၁၉) ရက် နံနက် (၀၅း၄၀) နာရီ အချိန်ခန့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၂၈၁/၄ နှင့် ၂၈၁/၅ ကြား ရန်ကုန်မှ မန္တလေးသို့ (အသွားလမ်း) ၌ ယာဉ်မောင်း ဦးစောနီအောင်၊ (၄၉)နှစ် ၊(ဘ) ဦးအောင်ခင်၊ ၉/မနဘ (နိုင်) ၀၁၁၈၃၅၊ သာစည်လမ်း၊ ဌာနေ အရှေ့ရပ်ကွက်၊ အောင်မြေသာဇံ မြို့နယ်၊ မန္တလေးမြို့ နေသူ မောင်းနှင် လာသော ယာဉ်အမှတ်- 7G/3299 HAISE အမျိုးအစား ``မန်းရွှေမြို့တော်´´ စင်းလုံးငှါး ခရီးသည်တင် (ညိုမီးခိုးရောင်) မော်တော်ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ ရှေ့မှ ယာဉ်မောင်း ဦးသိန်းလွင်၊ (၄၂)နှစ်၊ (ဖ) ဦးသိန်းဖေ၊ ၉/လ၀န(နိုင်) ၀၇၃၂၅၆၊ ကြံခင်းရပ်၊ သာဝတ္ထိ ကျေးရွာ၊ လယ်ဝေးမြို့နေသူ မောင်းနှင်နေသော ယာဉ်အမှတ် 5H/8741 ISUZU (အဖြူရောင်) မော်တော်ယာဉ်၏ နောက်ပိုင်းအား ၀င်တိုက် မိခဲ့သော ယာဉ်မတော် တဆမှု ဖြစ်ပွားခဲ့ပါသည်။




မန်းရွှေမြို့တော် ယာဉ်ပေါ်တွင် ယာဉ်မောင်း အပါအ၀င် ကျား (၇) ဦး၊ မ (၁၀) ဦး၊ ပေါင်း (၁၇) ဦး အနက် မ (၁) ဦးမှာ နေရာတွင် သေဆုံးပြီး၊ ကျား (၄) ဦး၊ မ (၁၁) ဦး ဒဏ်ရာ ရရှိခဲ့ပြီး ISUZU ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ ကျား (၁၂) ဦး၊ မ (၁၄) ဦး၊ ပေါင်း (၂၆) ဦးအနက် ကျား (၅) ဦး၊ မ (၈) ဦး ဒဏ်ရာ ရရှိ ခဲ့ပါသည်။

အခင်းဖြစ်ပွားရာ နေရာသို့ အမြန်လမ်းမကြီး ထိန်းသိမ်း ပြုပြင်ရေးနှင့် ကြီးကြပ်ရေး အဖွဲ့မှ လမ်းအပိုင်း တာဝန်ခံ အင်ဂျင်နီယာများ ၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့ ရဲမှူးကြီးနှင့် တာဝန် ရှိသူများ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ကူညီရေး အသင်းအဖွဲ့များမှ အမြန်ဆုံးရောက်ရှိပြီး ဒဏ်ရာ ရရှိသူများအား ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ပြီး ယာဉ်ကြော ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြပါသည်။

အဆိုပါဖြစ်စဉ်အား သီးကုန်း အမြန်လမ်း ရဲတပ်ဖွဲ့ စခန်းမှ အရေးယူ ဆောင်ရွက်လျှက် ရှိပါကြောင်း သတင်း ရရှိပါသည်။

အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ ( Yangon-Mandalay Expressway )

Original link - https://www.facebook.com/ygnmdyexpressroad

Saturday, September 19, 2015

မြန်မာပြည်သူများ မဲစာရင်း သွားကြည့်ကြရန် အိန်ဂျလီနာဂျိုလီ တိုက်တွန်း


အိန်ဂျလီနာ ဂျိုလီ မဲဆန္ဒအသိပညာပေး အဖွဲ တခုဖြစ်တဲ့ ရောင်ခြည်သစ် အဖွဲ့နဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ တွေ့ဆုံခဲ့ စဉ်က

လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အသက်ပြည့် သူတိုင်း မဲပေးနိုင်အောင် မဲစာရင်း သွားကြည့်ကြဖို့ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရဲ့ အထူး သံတမန် ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင် မင်းသမီး အိန်ဂျလီနာဂျိုလီက မြန်မာပြည် သူတွေကို တိုက်တွန်း လိုက်ပါတယ်။


ဒီမိုကရေစီစနစ်မှာ မဲတပြားဟာ အရေးပါတာကြောင့် ကိုယ့်အတွက်သာမက ကိုယ့်မိသားစု၊ မိတ်ဆွေတွေအတွက်ပါ မဲစာရင်းသွားကြည့်ပေးဖို့ ဂျိုလီက တိုက်တွန်းလိုက်တာပါ။

“ဒီရွေးကောက်ပွဲ ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာ ကျမရဲ့ မြန်မာပြည်ခရီးစဉ်အရ သိရှိရပါတယ်။ မိတ်ဆွေတွေအနေနဲ့ မဲပေးဖို့ အခွင့်အရေးကိုရယူဖို့ ကျမ တိုက်တွန်း ချင်ပါတယ်။ ဒါမှ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရှင့်ရဲ့ မဲကိုလည်း ထည့်ရေတွက်နိုင်မှာပါ။ နောက်ကျမကျန်ခဲ့နဲ့နော်၊ ဒီအချိန်ဟာ သမိုင်းဝင် အခိုက်အတန့်မို့ ပါဝင်ကြပါ။ သွားပြီး မဲစာရင်းစစ်ပါ။ မဲစာရင်းမှာ နာမည်ပါမပါ သေချာစစ်ပါ။ ဒါမှ ရွေးကောက်ပွဲနေ့မှာ မဲထည့်နိုင်မှာပါ။ ကိုယ့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မိသားစုဝင်အားလုံးကို မဲစာရင်းစစ်ဖို့ တိုက်တွန်းပါ။ ဒီမိုကရေစီစနစ်တခုမှာ မဲပြားတိုင်းက အရေးပါတယ်။”

မြန်မာပြည်က နာမည်ကျော် အနုပညာရှင်တွေကလည်း မြန်မာနိုင်ငံရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ နောက်ကျမကျန်ဘဲ မဲထည့်နိုင်အောင် နာမည်ပါမပါ သွားကြည့်ဖို့ နှိုးဆော်ထားပါတယ်။

နာမည်ကြီးအဆိုတော် ဖြူဖြူကျော်သိန်းက “ဖြူဖြူတို့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးမှာပါ။ ကိုယ့်နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ဖို့ဆိုတာ ကိုယ့်ရဲ့ အခွင့်အရေးပါ။ ချစ်ပရိသတ်ကြီးရေး ကိုယ်နဲ့ ကိုယ်မိတ်ဆွေတို့ မဲစာရင်းကြည့်နေတဲ့ ပုံတွေကို selfie တွေရိုက်။ # Myanmar Vote ကို အတက်ခ်ျလုပ်ပြီးတော့ လူမှုကွန်ရက်စာမျက်နာပေါ်တင်ပြီး ပါဝင်ကူညီကြပါစို့နော်” လို့ ပြောပါတယ်။

ရုပ်ရှင်သရုပ်ဆောင် နေတိုးက “နောက်ကျမကျန်ခဲ့နဲ့နော် မဲပေးဖို့၊ စာရင်းပေးမထားရင် ရွေးကောက်ပွဲနေ့မှာ မဲပေးလို့ရမှာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နောက်ဆုံးအကြိမ် မဲစာရင်းတွေကို စက်တင်ဘာ ၁၄ ရက်ကနေ ၂၇ ရက်အထိ တနိုင်ငံလုံးအနှံ့ သက်ဆိုင်ရာရုံးတွေမှာ ကပ်ထားပေးပါတယ်။

ပြည်သူတွေကတော့ အခုထုတ်တဲ့ မဲစာရင်းမှာ အက္ခရာ စဉ်လိုက်ထုတ်ပြန်ထားတာကြောင့် နာမည်ရှာရတာ အခက်အခဲရှ်ိတယ်လို့ ပြောဆိုနေကြပါတယ်။

ဒီတကြိမ်ထုတ်ပြန်တဲ့ မဲစာရင်းမှာ နာမည်စာရင်းမပါတာ၊ မှားတာတွေကို ၂၇ ရက်နေ့ နောက်ဆုံး တင်သွင်းဖို့ ရွေးကောက်ပွဲ ကော်မရှင်ကထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အရင်ခန့်မှန်းချက်အရ တနိုင်ငံလုံး မဲပေးပိုင်ခွင့်ရှိသူ သန်း ၃၀ လောက်ရှိပြီး အခု ထပ်တိုးလာတဲ့ စာရင်းတွေနဲ့ဆို မဲပေးနိုင်သူဦးရေ ၃၂ သန်းကျော်လောက် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

DVB by ခွန်ဘသာ

Original link - http://burmese.dvb.no/archives/112661

သပိတ်မှောက်ကျောင်းသားများ၏ စည်းလုံး ညီညွတ်မှုကို အတုယူ သင့်ကြောင်း ရေပူ ဆရာတော် မိန့်ကြား


ရေပူဆရာတော်ကို ရုံးထုတ်လာစဉ် (ဓာတ်ပုံ− ချမ်းဇော်အောင်)

သပိတ်မှောက် ကျောင်း သားများ၏ စည်းလုံး ညီညွတ်မှုကို အတုယူ သင့်ကြောင်း မန္တလေး အကျဉ်း ထောင်တွင် ထိန်းသိမ်း ခံနေ ရသည့် ရေပူ ဆရာတော်က (၈) နှစ်မြောက် ရွှေဝါရောင် တော်လှန် ရေးနေ့ အခမ်း အနားသို့ ပေးပို့ သည့်စာ၌ ထည့်သွင်း မိန့်ကြား ထားသည်။


ရေပူ ဆရာတော်သည် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် (၈) နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေးနေ့ အခမ်းအနားတွင် အထက်ပါ ပြောကြားချက် များကို စာဖြင့် ရေးသား မိန့်ကြား ခဲ့ခြင်း ဖြစ်သည်။

၂၀၀၇ သံဃာ့ လှုပ်ရှားမှု တွင် ပါဝင်ခဲ့သည့် ရေပူဆရာ တော်သည် တရားမ၀င် ကျောက် မျက်တူးဖော်မှု၊ တရားမ၀င်သစ် များ သိမ်းဆည်းမှု စသည့် စွဲချက် များဖြင့် တရား ရင်ဆိုင် နေရသည်။

ဆရာတော်ကို ဇွန်လအစော ပိုင်းကတည်းက အာဏာပိုင်များ က ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

ရေပူဆရာတော်က ၎င်းအ နေဖြင့် အာဏာပိုင်များ စွပ်စွဲသ ကဲ့သို့ ကျောက်မျက်တရားမ၀င် တူးဖော်နေခြင်းမျိုး မဟုတ်ဘဲ ရေ ပူကျောင်းအတွင်းရှိ စေတီဟောင်းများကို ဖြိုဖျက်ကာ ဓာတ်ပေါင်း စုစေတီ ပြန်လည်တည်ထားရန် လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ရွှေဝါရောင်နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သော စာတွင်ရေးသားခဲ့သည်။

တရားရင်ဆိုင်နေစဉ် အ တွင်း လက်နက်ဖြင့် ခြိမ်းခြောက် ခံခဲ့ရကြောင်းလည်း ရေပူဆရာ တော်က အဆိုပါစာတွင် ရေးသား ခဲ့သည်။

By - ထွန်းခိုင်

Original link - http://www.7daydaily.com/story/46694

ရမည်းသင်း အားပြိုင်ပွဲ


ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးခင်အောင်မြင့် (ဓာတ်ပုံ−ငြိမ်းချမ်းနိုင် / အီးပီအေ)

ဦးခင်အောင်မြင့် ၀င်ရောက် ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုး အားကောင်းသည် ဆိုသော ရမည်းသင်း မဲဆန္ဒနယ်သို့ ဒေါ်အောင်ဆန်း စုကြည် ယနေ့ မဲဆွယ် စည်းရုံးမည်

၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် လက်ရှိ အာဏာရ ပြည်ခိုင်ဖြိုး ပါ တီ၏ သမ္မတ လောင်းဖြစ်လာနိုင် ဖွယ်ရှိသည်ဟု နိုင်ငံရေးလေ့လာ သူအချို့၏ ထင်ကြေးပေး ခံထားရသည့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ၀င်ရောက်ယှဉ် ပြိုင်မည့် ရမည်းသင်း မဲဆန္ဒနယ် မြေတွင် ဒေါ်အောင်ဆန်း စုကြည် က စက်တင်ဘာ ၁၉ရက်၌ မဲဆွယ် စည်းရုံး ဟောပြော မှုများပြုလုပ် မည်ဖြစ်သည်။


ရမည်းသင်းခရိုင် မဲဆန္ဒနယ် မြေများသည် အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်နှင့် ပြည်ခိုင်ဖြိုးပါတီ တို့ အကြိတ်အနယ်ယှဉ်ပြိုင်ရဖွယ် ရှိပြီး ပြည်ခိုင်ဖြိုးပါတီက ၂၀၁၀ရွေးကောက်ပွဲတွင် ၎င်းတို့အောင်ပွဲခံခဲ့သည့် ရမည်းသင်းခရိုင်အ တွင်း ဆက်လက်အောင်ပွဲခံနိုင်ရန် ကြိုးစားနေပြီး ဒီချုပ်ကလည်းပြိုင်ဘက်ပါတီမှ ဦးခင်အောင်မြင့်ကို အောက်ခြေအဆင့်မှာပင် အနိုင်ယူကျော်ဖြတ်နိုင်ရန် ကြိုး စားကြမည်ဖြစ်သည်။

မြန်မာ့အရေးကျွမ်းကျင်သူ သတင်းစာဆရာလယ်ရီဂျေဂင် က ရွေးကောက်ပွဲအပြီးတွင် ပြည် ခိုင်ဖြိုးပါတီ၏ သမ္မတလောင်း တစ်ဦးဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သုံးသပ်ထားသည့် လက်ရှိအမျိုး သားလွှတ်တော်ဥက္ကဋ္ဌဦးခင် အောင်မြင့်သည် လာမည့်ရွေး ကောက်ပွဲတွင် ရမည်းသင်းခရိုင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် မြေမှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် သည်။ ဦးခင်အောင်မြင့်သည် ရ မည်းသင်းဇာတိဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၀ရွေးကောက်ပွဲတွင်လည်း မန္တလေးတိုင်းဒေသကြီးအမှတ် (၈)အမျိုးသားလွှတ်တော်မဲဆန္ဒ နယ်မြေဖြစ်သည့် ရမည်းသင်းခရိုင်မှပင် ၀င်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့သူဖြစ်သည်။

ထို့ကြောင့် စက်တင်ဘာ ၁၉ရက် ညနေတွင် ရမည်းသင်း မြို့၌ ပြုလုပ်မည့်ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောမဲဆွယ်စည်းရုံးပွဲသည် သာမန်မဲဆွယ်စည်းရုံးရေးခရီးစဉ်တစ်ခုထက်ပိုမိုထူးခြားနိုင်ပြီး စိတ်ဝင်စားဖွယ်ရာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက သုံးသပ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် စက်တင်ဘာ ၁၉ ရက် ည နေ ၄ နာရီခန့်တွင် ရမည်းသင်း မြို့အဝင်ရှိ ကွင်းပြင်၌ လူထုဟော ပြောပွဲပြုလုပ်မည်ဖြစ်သည်။

လက်ရှိအခြေအနေအရ ရ မည်းသင်းခရိုင်အတွင်း မဲဆွယ် စည်းရုံးနိုင်မှုနှင့် လူထုထောက်ခံမှု အပိုင်းတို့တွင် အကြမ်းဖျင်းအား ဖြင့် ပြည်ခိုင်ဖြိုးက ဒီချုပ်ထက် သာလွန်နေပြီး ဒီချုပ်သည် အောက်သင်းအနေဖြင့် ၀င်ရောက်ယှဉ် ပြိုင်ရမည့်သဘောဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ မန္တလေးတိုင်းဒေသကြီးအလုပ် အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးတင် ထွဋ်ဦးကပြောသည်။ ထို့အ တွက် မန္တလေးတိုင်းဒေသကြီးအ တွင်း ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးအကြိမ် မဲဆွယ်ခရီးစဉ် အဖြစ် ရမည်းသင်းဒေသကို ဦးစား ပေးရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း ဦးတင်ထွဋ်ဦးက ပြောသည်။

‘‘ကျွန်တော်တို့ပြိုင်ဘက်အ ခြေအနေကို ဆန်းစစ်ကြည့်တော့ ရမည်းသင်းမှာ ယှဉ်ပြိုင်ရမယ့် ပြိုင်ဘက်က တော်တော်လေး အားကောင်းတယ်။ အဲဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း အ လေးထားပြီး ဥက္ကဋ္ဌကိုယ်တိုင် စည်းရုံးရေးဆင်းတဲ့သဘောပါ’’ ဟု ဦးတင်ထွဋ်ဦးကပြောသည်။

ပျော်ဘွယ်မြို့နယ်နှင့် ရ မည်းသင်းမြို့နယ်တို့ပါဝင်သည့် ရမည်းသင်းခရိုင်အတွင်းတိုင်းဒေ သကြီးလွှတ်တော်မဲဆန္ဒနယ်မြေ လေးနေရာ၊ ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ် နှစ်နေရာနှင့်အမျိုးသား လွှတ်တော်မဲဆန္ဒနယ် တစ်နေရာစုစုပေါင်းမဲဆန္ဒနယ် ခုနစ်နေရာရှိ သည်။ ယင်းမဲဆန္ဒနယ်မြေများတွင် ပြည်ခိုင်ဖြိုး၊ ဒီချုပ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီတို့မှ ကိုယ်စားလှယ်လောင်းခုနစ်ဦးစီဖြင့် စုစုပေါင်းကိုယ်စားလှယ်လောင်း ၂၁ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ လက်ရှိထုတ်ပြန်ထားသော မဲစာရင်းများအရ ရမည်းသင်းမြို့နယ်တွင် မဲဆန္ဒရှင်၁၆၉,၀၀၀ကျော်ရှိပြီး ခရိုင်တစ်ခုလုံးတွင် မဲဆန္ဒရှင် ၃၆၂,၀၀၀ကျော်ရှိသည်။

ပါတီသုံးခုစလုံးမှ ကိုယ်စား လှယ်လောင်းများက စက်တင် ဘာ ၈ရက်မှ စတင်ကာမဲဆွယ် စည်းရုံးမှုပြုလုပ်နေပြီဖြစ်ကြောင်း ရမည်းသင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးဇော်မင်းကပြောသည်။

ဒီချုပ်ဝင်ရောက်ယှဉ်ပြိုင် ခြင်းမရှိခဲ့ဘဲ အငြင်းပွားဖွယ်ရာအချို့ရှိခဲ့သည့် ၂၀၁၀ရွေးကောက်ပွဲတွင် ရမည်းသင်းခရိုင်အတွင်းရှိ မဲဆန္ဒနယ်များတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များအားလုံးမှာ မဲအပြတ်အသတ်ဖြင့် ပြိုင်ဘက်များကိုအနိုင်ရရှိခဲ့သည်။ လာမည့်နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် ၂၀၁၅အထွေထွေရွေးကောက်ပွဲ၌ ၂၀၁၀ ရွေးကောက်ပွဲရလဒ်အတိုင်းပင် အနိုင်ရရန်မျှော်လင့်ထားကြောင်း ယင်းပါတီတာဝန်ရှိသူများကပြောသည်။

မြန်မာနိုင်ငံရှိ တိုင်းဒေသ ကြီးနှင့် ပြည်နယ် ၁၄ခုတို့တွင် မန္တ လေးတိုင်းဒေသကြီးမှာ ပြည်ခိုင် ဖြိုးပါတီရွေးကောက်ပွဲအနိုင်ရရန် အလားအလာအကောင်းဆုံးဖြစ် ပြီး မန္တလေးတိုင်းဒေသကြီးအ တွင်း ရမည်းသင်းခရိုင်ဖြစ်သည့် ရမည်းသင်းနှင့် ပျော်ဘွယ်မြို့နယ်တို့သည် ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံသည် အများဆုံးမြို့နယ်များဖြစ်သည်ဟု ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများကဆိုသည်။

‘‘ရမည်းသင်းခရိုင်က မဲဆန္ဒ နယ် ခုနစ်နေရာမှာတော့ အိုကေ တယ်။ အားလုံးသေချာသလောက်ပဲ။ ရာခိုင်နှုန်းပြည့်အနိုင်ရမယ်လို့ ပြောချင်တယ်’’ဟု ပြည်ခိုင်ဖြိုးပါ တီ၏ ရမည်းသင်းခရိုင်ဒေသဖွံ့ ဖြိုးရေးတာဝန်ခံ၊ မန္တလေးတိုင်းဒေ သကြီး လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်က ဆိုသည်။

ရမည်းသင်းခရိုင်အတွင်း နေထိုင်သည့် ဒေသခံအများစုသည် ကျေးလက်နေပြည်သူများဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီက အစိုးရဖွဲ့စည်းချိန် ၂၀၁၁ မှစတင်ကာ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကျေးလက် မီးလင်းရေး၊ ရေရရှိ ရေးနှင့် လမ်းပန်းဆက်သွယ်ရေး တို့ကို အထူးအလေးထားလုပ် ဆောင်ပေးခဲ့သည်ဟု ဦးကျော်မြင့်က ပြောသည်။

အစိုးရသစ်လက် ထက် ရမည်းသင်းမြို့နယ်အတွင်း မှ ကျေးရွာ ၈၀ မီးလင်းရန် လုပ် ဆောင်ပေးခဲ့ကာ ယခုနှစ်အတွင်း နောက်ထပ်ကျေးရွာ ၄၀ မီးလင်းရေး ဆက်လက် ဆောင်ရွက် ပေးမည်ဟု ဆိုသည်။ ၎င်းတို့ အနေဖြင့် ရွေးကောက်ပွဲ နီးကပ်လာချိန်မှ မဲဆွယ် စည်းရုံးခြင်းမျိုး မဟုတ်ဘဲ အစိုးရဖွဲ့ပြီးချိန်မှ စ၍ ကျေးလက်ဒေသ လိုအပ်ချက်များကို ဖြည့်ဆည်းပေးကာ စည်းရုံးလာသည့် အတွက် ကျေးလက်လူ ထုထောက်ခံမှု ပိုမိုအားကောင်းလာခဲ့သည်ဟု ဦးကျော်မြင့်က ယုံကြည်ချက်မြင့်မားစွာဖြင့် ဆိုသည်။

ရမည်းသင်းမြို့နယ်တွင် မြို့ ပေါ်ရပ်ကွက် ငါးရပ်ကွက်နှင့် ကျေးရွာပေါင်း ၂၄၆ ရွာရှိပြီး မြို့ နယ်တစ်ခုလုံးရှိ မဲဆန္ဒရှင် ၁၆၀,၀၀၀ ကျော်ရှိရာတွင် မြို့ပေါ် ရပ်ကွက်တွင် နေထိုင်သည့် မဲဆန္ဒရှင်မှာ ၁၆,၀၀၀ ခန့်သာရှိသည့် အတွက် ကျေးရွာများ၏ ထောက် ခံမဲဖြင့် လာမည့်ရွေးကောက်ပွဲ လည်း ထပ်မံအနိုင်ရမည်ဟု ယုံ ကြည်ကြောင်း ၎င်းက ဆိုသည်။

‘‘ဒေသခံလူထုရဲ့ ထောက်ခံ မှုကတော့ အားရတယ်။ ကောင်း တယ်။ အရင်တုန်းကလည်း ရွေး ကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စား လှယ်တွေဟာ ဒေသခံမဲဆန္ဒရှင် ၉၀ ရာခိုင်နှုန်းရဲ့ ထောက်ခံမဲရ ခဲ့တယ်။ အခုလည်းပဲ အဲဒီထက် မလျော့လောက်ဘူးလို့ မျှော်လင့် တယ်’’ဟု ဦးကျော်မြင့်က ဆို သည်။

မဲဆွယ်စည်းရုံးရေးလှုပ်ရှား မှုများတွင် ပြည်ခိုင်ဖြိုးပါတီက ၎င်းတို့ပါတီအနေဖြင့် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်မည်ဟူသော ကတိနှင့်အတူ လူကိုကြည့်၍မဲပေးကြရန် စည်းရုံးနေသည်။ ဒီချုပ်ပါတီက လည်း ‘‘အမှန်တကယ်ပြောင်းလဲ ဖို့ NLD ကို မဲပေးစို့’’ဟူသော ဆောင်ပုဒ်ဖြင့် လူကိုမကြည့်ဘဲ ပါတီကို ကြည့်၍ မဲပေးကြရန် မဲဆွယ်စည်းရုံးနေရှိသည်။

ပြီးခဲ့သည့် ၁၉၉၀ ရွေး ကောက်ပွဲတွင်မူ ရမည်းသင်းဒေ သမဲဆန္ဒနယ်မြေများတွင် ဒီချုပ်က အနိုင်ရရှိခဲ့သည်။ သို့ သော် ၁၉၉၀ ရွေးကောက်ပွဲကာလနောက်ပိုင်း ဖိနှိပ်ခံရမှုများကြောင့် ဒီချုပ်အနေဖြင့် စည်းရုံးရေးလုပ်ငန်းများအားနည်းခဲ့သလို တစ်ဖက်ပါတီ၏ ပြည့်ပြည့်စုံစုံဖြင့် စည်းရုံးလာမှုများကြောင့် လာမည့်ရွေးကောက်ပွဲတွင် ရမည်းသင်းဒေသရှိ မဲဆန္ဒနယ်မြေများ အနိုင်ရရေးမှာမူ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမည်ဟု သုံးသပ်ထား ကြောင်း ဒီချုပ်မှ ဦးတင်ထွဋ် ဦးက ပြောသည်။

ထို့အတွက် ဒေါ် အောင်ဆန်းစုကြည်ကိုယ်တိုင် အားဖြည့်စည်းရုံးသည့်သဘော ဖြစ်သလို လာမည့်ရွေးကောက်ပွဲ အနိုင်ရရေးအစွမ်းကုန်ကြိုးစား မည်ဟု ဦးတင်ထွဋ်ဦးက ဆို သည်။

‘‘လူထုထောက်ခံမှုအခြေအ နေကတော့ ခန့်မှန်းဖို့ခက်တယ်။ မဲရလဒ်ထွက်လာမှပဲ သိရမှာပဲ။ ကြားကာလမှာ ကျွန်တော်တို့ မ လှုပ်ရှားသာလို့ မလှုပ်ရှားနိုင်ခဲ့ ဘူး။ ဒါကတစ်ချက်ပေါ့။ တစ်ဖက်ပါတီရဲ့အခြေအနေကလည်း ပြည့်ပြည့်စုံစုံနဲ့ အများကြီးအားသာ ချက်ရှိနေတယ်။ အဲဒီတော့ အပေါ်ယံကြောကြည့်ရရင်တော့ ကျွန် တော်တို့ တော်တော်ခက်ပါတယ်။ဒါပေမဲ့ ပြည်သူလူထုရဲ့ ရင်ထဲမှာ တကယ်ဘာရှိနေလဲဆိုတာက တော့ ရှေ့လမှာအဖြေပေါ်မယ်။ ၈ ရက်နေ့အဖြေကို ကျွန်တော် တို့လိုချင်တဲ့ ရလဒ်ရဖို့တော့ ကြိုး စားရမှာပေါ့’’ဟု ဦးတင်ထွဋ်ဦးက ပြောသည်။

By - မောင်တာ

Original link - http://www.7daydaily.com/story/46698

ဒေါက်တာ သန့်မြင့်ဦး ဖူခုအိုခ အာရှယဉ်ကျေးမှု ဆိုင်ရာဆု တက်ရောက် ယူ


ဒေါက်တာ သန့်မြင့်ဦး (ဓာတ်ပုံ - mainichi)

၂၆ ကြိမ်မြောက် ဖူခုအိုခ အာရှ ယဉ်ကျေးမှု ဆိုင်ရာ ဆုပေးပွဲကို စက်တင်ဘာ ၁၈ ရက်နေ့က ဂျပန်နိုင်ငံ ဖူခုအိုခမြို့မှာ ကျင်းပခဲ့ပြီး ဆုရရှိသူ ဒေါက်တာ သန့်မြင့်ဦးက တက်ရောက် ရယူ ခဲ့ပါတယ်။


ဖူခုအိုခ အာရှယဉ်ကျေးမှု ဆိုင်ရာဆုဟာ အာရှက မတူ ကွဲပြားတဲ့ ကိုယ်ပိုင် ယဉ်ကျေးမှု တွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ရည်ရွယ်ချက်နဲ့ ၁၉၉၀ ပြည့်နှစ်က စတင် ပေးအပ် ခဲ့တာဖြစ် ပါတယ်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့ တည်ထောင်သူနဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ သန့်မြင့်ဦးက ဒီဆုဟာ အာရှတိုက်ရဲ့ ရှေးအစဉ် အဆက်က ကိုယ်ပိုင် ယဉ်ကျေးမှု တွေကို စောင့်ရှောက်ဖို့နဲ့ အချင်းချင်း ပေါင်းကူးပေး တာကြောင့် မြန်မာနိုင်ငံ အတွက် အထူး အရေးကြီး အဓိပ္ပာယ်ရှိတဲ့ ဆုဖြစ်တယ်လို့ ဆုပေးပွဲမှာ ပြောကြား ခဲ့ပါတယ်။

ဆုပေးပွဲကို ဂျပန်အိမ်ရှေ့မင်းသား အခိရှိနို နဲ့ ကြင်ယာတော်တို့  တက်ရောက်ခဲ့ပါတယ်။

သမိုင်းပညာရှင်တဦးလည်းဖြစ်၊ စာရေးဆရာလည်းဖြစ်တဲ့ ဒေါက်တာသန့်မြင့်ဦးဟာ ဟားဗတ်နဲ့ ကိန်းဗရစ် တက္ကသိုလ်တွေမှာ သမိုင်းဘာသာသင် ဆရာတဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးရုံး နိုင်ငံခြားရေးရာဌာန မူဝါဒ စီမံကိန်းရေးဆွဲရေးဌာန အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်ခဲ့ကြောင်း သိရပါတယ်။

DVB by ဇော်ဇော်လှိုင်

Original link - http://burmese.dvb.no/archives/112652