Showing posts with label အာကစားဆောင်းပါး. Show all posts
Showing posts with label အာကစားဆောင်းပါး. Show all posts

Saturday, September 19, 2015

ဘောလုံးလောကမှ အဆိုးရွားဆုံး ဒဏ်ရာ ရရှိမှုများ




ဒီတစ်ပတ် ချန်ပီယံလိဂ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ လုခ်ရှောရဲ့ ဒဏ်ရာ ရရှိ သွားပုံဟာ ဘောလုံးလောက တစ်ခုလုံး အတွက် ချောက်ချား စရာ ဖြစ်လာ ပါတယ်။ ပီအက်စ်ဗီ အင်ဒိုဗန် ခံစစ်မှူး ဟက်တာ မိုရီနိုရဲ့ ဖျက်ထုတ်မှု ကနေ အကျ မတော်ဘဲ ရှောရဲ့ ညာဘက်ခြေ သလုံးသွင်သွင် ကျိုးသွား ခဲ့တာပါ။ ရှောရဲ့ ခြေသလုံး ရိုးရော၊ ညို့သကျည်းရိုးပါ ကျိုးသွားတဲ့ အတွက် ခွဲစိတ် ကုသမှု ခံယူခဲ့ ရပါတယ်။


ယူနိုက်တက် မန်နေဂျာ လူးဝစ်ဗန်ဂါးလ် ကတော့ အသက် (၂၀) အရွယ် အင်္ဂလန် လက်ရွေးစင်ဟာ ခြောက်လလောက် အနားယူပြီး ဘောလုံးပြန် ကစားနိုင်ဖို့ အကောင်းမြင်
မျှော်လင့်နေ ပါတယ်။ ဘောလုံး လောကနဲ့ ဆက်နွှယ်သူတွေ၊ ပရိသတ်တွေ အပြင် ကမ္ဘာ့ အားကစား နယ်ပယ် အသီးသီးက ပုဂ္ဂိုလ်ကျော်တွေ ကလည်း ရှောအမြန်ဆုံး ဒဏ်ရာ သက်သာ လာစေဖို့ ဆုမွန်ကောင်း တောင်းပေးနေ ကြတယ်။ တကယ်တော့ ရှောဟာ ယူနိုက်တက်နဲ့ ပထမဆုံး ရာသီမှာ ကြံ့ခိုင်မှုပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပြီး လက်ရှိ ရာသီကျမှ ပုံစံကောင်းရပြီး ခြေစွမ်းပြနေတာ ဖြစ်တာကြောင့် အခုလို ဆိုးဆိုးရွားရွား ဒဏ်ရာ ရသွားတာဟာ သူ့အတွက် နစ်နာ လွန်းပါတယ်။

ဘောလုံးလောကမှာ ရှောလိုပဲ ပွဲကစားနေရင်း ကြောက်မက်ဖွယ် ဒဏ်ရာဆိုးတွေ ကြုံသွားရှာတဲ့ ကစားသမားကောင်းတွေ အရင်ကရှိခဲ့ဖူးပါတယ်။ တချို့က ဘောလုံးပြန်ကစားနိုင်ပေမယ့် တချို့ကတော့ သူတို့မြတ်နိုးတဲ့ အားကစားနည်းကို စွန့်ခွာသွားရတဲ့အထိ အဖြစ်ဆိုး ကြုံခဲ့တယ်။ ရှောမတိုင်ခင်က ခြေထောက်သွင်သွင် ကျိုးသွားသူတွေ အပါအဝင် ဘောလုံးလောကမှာ အဆိုးရွားဆုံးဒဏ်ရာတွေ ရခဲ့ဖူးတဲ့ ကစားသမား ၁၀ ဦးကို စုစည်း ဖော်ပြလိုက်ပါတယ်။

၁။ ဒေးဗစ်ဘတ်စ်ထ် (၁၉၉၆၊ ဧပြီ ၈ ရက်)

ဘောလုံးသမိုင်းမှာ အဆိုးဆုံး ခြေထောက်ကျိုးမှုအဖြစ် နာမည်ဆိုးတွင်ခဲ့တာ ဘတ်စ်ထ်ရဲ့ ဒဏ်ရာပါပဲ။ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင် ကစားတဲ့ ပွဲစဉ်မှာ ကိုဗင်ထရီစီးတီး ခံစစ်မှူးဟာ ပြိုင်ဘက် ဧရိယာထဲမှာ ဒင်းနစ်အာဝင်နဲ့ မတော်တဆထိခိုက်မိပြီး ခြေထောက်ကျိုးသွားပါတယ်။ ဒီမြင်ကွင်းကို အနီးကပ်တွေ့လိုက်တဲ့ ယူနိုက်တက် ဂိုးသမား ပီတာရှမိုက်ကယ်ဟာ ထိတ်လန့်တုန်လှုပ်စိတ်နဲ့ အော့အန်တဲ့အထိ ဒဏ်ရာအခြေအနေက ဆိုးခဲ့ပါတယ်။ ဘတ်စ်ထ်ရဲ့ ခြေသလုံးရိုးက ကျိုးထွက်သွားပြီး အရေပြားကို ဖောက်ထွက်သွားတာ ဖြစ်ပါတယ်။ ပွဲကို ၁၅ မိနစ်လောက်ရပ်နားပြီး သွေးတွေကို ပြန်သုတ်ရတယ်ဆိုကတည်းက ထိခိုက်မှု ဘယ်လောက် ပြင်းထန်တယ်ဆိုတာ တွေးလို့ရပါလိမ့်မယ်။ ဘတ်စ်ထ်ဟာ အဲဒီဖြစ်ရပ်အပြီးမှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကို အပြီးတိုင် ဆုံးရှုံးခဲ့ပါတယ်။ တကယ်တော့ ဒါဟာ သူ့အတွက် ကံကောင်းလှပြီလို့တောင်ဆိုရမှာပါ။ ဘတ်စ်ထ်ရဲ့ ဒဏ်ရာကြောင့် ခြေထောက်ကို ဖြတ်ပစ်ရလောက်တဲ့ထိ ကြုံခဲ့ဖူးပေမယ့် ဆရာဝန်တွေရဲ့ ကြိုးစားကုသပေးမှုကြောင့် လမ်းပြန်လျှောက်လာနိုင်တာ ဖြစ်ပါတယ်။

၂။ ပက်ထရစ်ဘက်တစ်စတန် (၁၉၈၂၊ ဇူလိုင် ၈ ရက်)

ပြင်သစ်နဲ့ အနောက်ဂျာမနီ အသင်းတို့ ကမ္ဘာ့ဖလားအကြိုဗိုလ်လုပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ ပြင်သစ်ကွင်းလယ်လူ ဘက်တစ်စတန် ကံဆိုးသွားခဲ့ပါတယ်။ ဆီဗီလာမှာ ကစားတဲ့ ပွဲစဉ်မှာ ဘက်တစ်ဆန်က အပိုင်ဂိုးသွင်းဖို့ အခွင့်အရေးရနေချိန်မှာ ဂျာမန်ဂိုးသမား ဟာရဲလ်ရှူမေချာက လူချင်းပြေးပူးပြီး ကာကွယ်ဖို့ ကြိုးစားခဲ့တယ်။ ရှူမေချာရဲ့ အားထုတ်မှုဟာ ခြေထောက်မြှောက်ပြီး ခပ်ကြမ်းကြမ်းဝင်ခဲ့တာ ဖြစ်ပေမယ့် အံ့ဩစရာ ကောင်းလောက်အောင်ပဲ ပြစ်ဒဏ်ချမှတ်မခံခဲ့ရပါဘူး။ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အရက်စက်ဆုံး ဖျက်ထုတ်မှုတစ်ခုလို့ လူပြောများခဲ့တဲ့ ရှူမေချာရဲ့ လုပ်ပုံကြောင့် ဘက်တစ်စတန်ကတော့ ကွင်းထဲမှာတင် ကိုမာဝင်ပြီး သတိမေ့သွားပါတယ်။ ကျောရိုးမှာ ပြင်းပြင်းထန်ထန်ထိခိုက်သွားသလို မေးရိုးလည်း ကျိုးသွားတယ်။ ရှေ့သွားလေးချောင်း ကျွတ်သွားတယ်။ ဒါပေမဲ့ ကံကောင်း ထောက်မစွာနဲ့ သူ့မေးရိုးကို အကောင်းပကတိပြန်ဖြစ်အောင် ကုသနိုင်ခဲ့ပါတယ်။ ငါးလအကြာမှတော့ ဘက်တစ်စတန်တစ်ယောက် သူ့ရဲ့ကလပ် စိန့်အက်တနီယန်အတွက် တစ်ကျော့ပြန်ကစားပေးနိုင်ခဲ့ပါတယ်။


၃။ အက်ဖ်အင်းဂ်ဟာလန်း (၂၀၀၁၊ ဧပြီ ၂၁ ရက်)


ဒီဖြစ်ရပ်ကတော့ ကွဲလွဲမှုတွေနဲ့ပါ။ မန်ချက်စတာ ဒါဘီပွဲစဉ်မှာ ဟာလန်းကို ခြေထောက်ကျိုးသွားအောင် တက်နင်းခဲ့တာဟာ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာဖြစ်ကြောင်း မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ရွိုင်ကိန်းက နောက်ပိုင်းမှာ ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ မန်ချက်စတာစီးတီးကစားသမားဟာ အဲဒီမတိုင်ခင် လေးနှစ်က လိဒ်စ်ယူနိုက်တက်မှာ ရှိနေစဉ်မှာ ကိန်းကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေတဲ့ ဖျက်ထုတ်မှုမျိုး ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ကြိမ်မှာ ကိန်းက လက်စားပြန်ချေခဲ့တာလို့ သူ့ရဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိထဲမှာ ရေးသားဝန်ခံထားပါတယ်။ ကိန်းဟာ အဲဒီဖျက်ထုတ်မှုအတွက် စတာလင်ပေါင် ၁၅,၀၀၀ ဒဏ်ရိုက်ခံရသလို ၅ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ဟာလန်းကို ရည်ရွယ်ချက်ရှိရှိ ရန်ပြုခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့ချိန်မှာ နောက်ထပ်သီးခြားပြစ်ဒဏ်လည်း ကျခံခဲ့ရပြန်တယ်။ ဟာလန်းအတွက်တော့ ကစားသမားဘဝအဆုံးသတ်သွားတာပါပဲ။ ဘောလုံးပြန်ကစားဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘဲ ၂၀၀၃ ခုနှစ်မှာ အနားယူလိုက်ရတယ်။

၎။ ပီတာဆက်ခ်ျ (၂၀၀၆၊ အောက်တိုဘာ ၁၄ ရက်)

ဘောလုံးကစားရာမှာ ရှေ့၊ လယ်၊ နောက် နေရာတွေတင်မကဘဲ ဂိုးသမားတွေမှာလည်း ဒဏ်ရာကြီးကြီးမားမားရသွားနိုင်ကြောင်း ဆက်ခ်ျရဲ့ ဖြစ်ရပ်က သက်သေခံနေပါတယ်။ ချယ်လ်ဆီးဂိုးသမားဟာ ရက်ဒင်း ကစားသမား စတီဖန်ဟန့်ရဲ့ အဝင်ကြမ်းပုံကြောင့် ခေါင်းကို ပြင်းပြင်းထန်ထန် ထိခိုက်သွားခဲ့တယ်။ ကွင်းထဲမှာ ဆက်ခ်ျဟာ မူးဝေနေပုံပေါ်နေပြီး အဝတ်လဲခန်းထဲ အရောက်မှာတော့ ခြေပစ်လက်ပစ်လဲကျတဲ့ထိ ဖြစ်သွားတယ်။ ဆက်ခ်ျကို ချက်ချင်းဆေးရုံတင်ပို့ပြီး အရေးပေါ် ခွဲစိတ်မှုတွေ လုပ်ခဲ့ရပါတယ်။ သူ့ရဲ့ဦးခေါင်းမှာ အရိုးအက်သွားတာကြောင့်ပါ။ ဆက်ခ်ျဟာ ဟန့်နဲ့ ဝင်တိုက်မိတဲ့ အချိန်ပိုင်းကိုတောင် မမှတ်မိတော့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ အစောပိုင်းက သူဟာ တစ်နှစ်လောက် အနားယူရဖို့ ရှိနေတယ်လို့ ခန့်မှန်းပေမယ့် သုံးလအကြာမှာပဲ ဆက်ခ်ျက ချယ်လ်ဆီး ဂိုးပေါက်ရှေ့ပြန်ရောက်လာခဲ့တယ်။ ဒါပေမဲ့ အခုအချိန်ထိ သူ့ခေါင်းမှာ အထူးစီမံထားတဲ့ အကာအကွယ် ခေါင်းစွပ်ကို ဝတ်ဆင်ပြီး ဘောလုံးကစားနေဆဲပါ။

၅။ အီဒွာဒိုဒါဆေးလ်ဗား (၂၀၀၈၊ စက်တင်ဘာ ၂၃ ရက်)

ဘာမင်ဂမ် နောက်ခံလူ မာတင်တေလာရဲ့ ဖျက်ထုတ်မှုကနေ အာဆင်နယ် တိုက်စစ်မှူး အီဒွာဒိုရဲ့ ဘယ်ဘက်ခြေထောက်မှာ နှစ်နေရာ ကျိုးသွားပါတယ်။ ခြေချင်းဝတ်ကျိုးထွက်သွားသလို ခြေသလုံး အရိုးလည်း ကျိုးသွားပြီး သူ့ကို ကွင်းထဲကနေ အောက်ဆီဂျင်ပေးပြီး ထမ်းထုတ်သွားခဲ့ရတယ်။ အာဆင်နယ် မန်နေဂျာ အာစင်ဝင်းဂါးဟာ အစောပိုင်းမှာ တေလာကို ပွဲပယ်ဖို့ တောင်းဆိုပေမယ့် နောက်ပိုင်းမှာတော့ အဲဒီ မှတ်ချက်စကားကို ပြန်ရုပ်သိမ်းသွားပါတယ်။ အီဒွာဒိုဟာ ဒဏ်ရာရပြီး တစ်နှစ်ပြည့်ဖို့ တစ်ပတ်အလိုမှာ ပြန်ကစားခဲ့ပါတယ်။ ကားဒစ်ဖ်စီးတီးနဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာပါ။ ဒါပေမဲ့ အဲဒီပွဲမှာလည်း တံကောက်ကြောဒဏ်ရာ ရသွားပြန်တယ်။

၆။ လုခ်နီးလစ် (၂၀၀၀၊ စက်တင်ဘာ ၉ ရက်)

အသင်းက အသစ်ခေါ်ယူလိုက်တဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး နီးလစ်ကို အက်စ်တန်ဗီလာ ပရိသတ်တွေက အများကြီး မျှော်လင့်ထားခဲ့တာပါ။ ဒါပေမဲ့ ပီအက်စ်ဗီအင်ဒိုဗန်က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာတဲ့ နီးလစ်ဟာ ဘောလုံးရာသီစတင်ပြီး သိပ်မကြာခင် အစ်ဆွစ်ခ်ျနဲ့ပွဲမှာ ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ပါတယ်။ အစ်ဆွစ်ခ်ျဂိုးသမား ရစ်ချတ်ရိုက်နဲ့ ထိခိုက်မိရာကနေ ညာဘက်ခြေထောက်မှာ အရိုးနှစ်နေရာ ကျိုးထွက်သွားပါတယ်။ နီးလစ်လည်း ကံမကောင်းခဲ့ရှာပါဘူး။ ဒဏ်ရာအနေအထားအရ ပရော်ဖက်ရှင်နယ်အဆင့် ပြန်ကစားဖို့ မဖြစ်နိုင်တော့တာကြောင့် လေးလအကြာမှာ ဘောလုံးသမားဘဝကနေ အနားယူလိုက်ရရှာပါတယ်။

၇။ ဂျီဘရယ်ဆစ်ဆေး (၂၀၀၄၊ အောက်တိုဘာ ၃၀ ရက်)

ဆံပင်ပုံစံ ဆန်းဆန်းတွေကြောင့် လူသိများတဲ့ ပြင်သစ်တိုက်စစ်မှူးအတွက်တော့ ဒဏ်ရာဆိုးတွေကလည်း သင်္ကေတတစ်ခုလို ထင်ဟပ်ခဲ့ပါတယ်။ လီဗာပူးအသင်းအတွက် ကစားပေးနေချိန်မှာ ဆစ်ဆေးဟာ အီးဝုဒ်ပါ့ခ်မှာ ဘလက်ဘန်းရိုဗာနဲ့ ရင်ဆိုင်ကစားရင်း ခြေထောက်ကျိုးသွားခဲ့ပါတယ်။ တစ်ဖက်က ဖျက်ထုတ်တာကြောင့် မဟုတ်ဘဲ မြက်ခင်းပြင်နဲ့ သူ့ဖိနပ်ထိပ်ငြိမိရာက ဟန်ချက်ပျက်လဲကျရင်း ဘယ်ဘက်ခြေထောက်က ညို့သကျည်းရော၊ ခြေသလုံးပါ အရိုးကျိုးသွားခဲ့တယ်။ ကံဆိုးတာက ဒီလောက်နဲ့ မပြီးသေးပါဘူး။ နောက်ထပ် နှစ်နှစ်အကြာ ကမ္ဘာ့ဖလား ပြိုင်ပွဲအကြို တရုတ်နဲ့ ခြေစမ်းရာမှာ ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြုရင်း ညာဘက်ခြေထောက် ထပ်ကျိုးပြန်ပါတယ်။ ဆစ်ဆေးဟာ ဘောလုံးလောကမှာတော့ ခြေထောက်နှစ်ဖက်စလုံး သွင်သွင်ကျိုးဖူးတဲ့ ရှားရှားပါးပါးကစားသမား တစ်ယောက်ပါပဲ။ အံ့ဩစရာကောင်းတာက ဖြစ်ရပ်နှစ်ခုစလုံးမှာ ခုနစ်လလောက်စီ အနားယူပြီးတဲ့နောက် ကြံ့ခိုင်မှု အပြည့်နဲ့ သူပြန်ပြီး ဘောလုံးကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

၈။ ကီယွန်ဒိုင်ယာ (၂၀၀၇၊ ဩဂုတ် ၁၈ ရက်)

ဒိုင်ယာဟာ ဆေးရုံခုတင်နဲ့ မစိမ်းလှတဲ့ ဘောလုံးသမားတစ်ယောက်ပါ။ နယူးကာဆယ်ယူနိုက်တက် ကစားသမား ဘဝမှာလည်း ဒဏ်ရာပွေခဲ့တာကြောင့် တိုးတက်သင့်သလောက် မဖြစ်ထွန်းခဲ့ပါဘူး။ ဒါပေမဲ့ ဝက်စ်ဟမ်းယူနိုက်တက်ကို ပြောင်းလာချိန်မှာတော့ အဆိုးဆုံး ဒဏ်ရာ ပြဿနာနဲ့ ကြုံခဲ့ပါတယ်။ ဝက်စ်ဟမ်းကစားသမားဘဝ အစပြုပြီး သီတင်းသုံးပတ်လောက် အကြာမှာပဲ ဘရစ္စတိုရိုဗာစ် ဘယ်ခြမ်းခံစစ်မှူး ဂျိုးဂျက်ကော့ဘ်ဆန်ရဲ့ ဖျက်ထုတ်မှုကြောင့် ညာဘက်ခြေထောက်မှာ အရိုးနှစ်နေရာ ကျိုးသွားခဲ့ပါတယ်။ လိဂ်ဖလားပွဲစဉ် ယှဉ်ပြိုင်ကစားရင်း ပွဲအစ ၁၀ မိနစ်လောက်မှာတင် အခုလို အဖြစ်ဆိုးကြုံသွားတာပါ။ နောက်ပိုင်းမှာ ဒိုင်ယာအနေနဲ့ ဝက်စ်ဟမ်းမှာ အမြင့်ဆုံး ခြေစွမ်းပြန်မရတော့သလို အသင်းငယ်တွေကို ပြောင်းရွှေ့ပြီး ဘောလုံးလောကကနေ တိုးတိုးတိတ်တိတ် အနားယူပျောက်ကွယ်သွားရှာပါတယ်။

၉။ အလန်စမစ်သ် (၂၀၀၆၊ ဖေဖော်ဝါရီ ၁၈ ရက်)

ပြိုင်ဘက်နဲ့ ထိခိုက်တာတင်မကဘဲ ဘောလုံးထိမှန်ရင်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရနိုင်ကြောင်း စမစ်သ်က ဝမ်းနည်းကြေကွဲစွာ ဝန်ခံပါလိမ့်မယ်။ မန်ချက်စတာယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်ကတော့ စမစ်သ်ရဲ့ ဒဏ်ရာဟာ သူ့တစ်သက်တာ မြင်ဖူးသမျှ အဆိုးဆုံးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ လီဗာပူးနောက်ခံလူ ဂျွန်အာနီရီဆေးရဲ့ ပြစ်ဒဏ်ဘော အပြင်းကန်ချက်ကို ကာကွယ်ဖို့ ကြိုးစားရင်း စမစ်သ်ရဲ့ ဘယ်ဘက် ခြေထောက်ကို ဘောလုံးမှန်ရာကနေ ခြေချင်းဝတ်ကျိုးထွက်သွားတာ ဖြစ်ပါတယ်။ သူ့ရဲ့ဒဏ်ရာဆိုးရွားလွန်းတာကို နားလည်တာကြောင့် ခါးသီးတဲ့ ပြိုင်ဘက်တွေဖြစ်နေတဲ့တိုင် ကွင်းထဲကနေ သူ့ကို ထမ်းထုတ်သွားချိန်မှာ လီဗာပူးပရိသတ်တွေက လက်ခုပ်တီးပြီး အားပေးနှစ်သိမ့်ခဲ့ကြပါတယ်။ စမစ်သ်ဟာ နောက်ထပ် ခုနစ်လအကြာမှာ တစ်ကျော့ပြန် ဘောလုံးကစားနိုင်ခဲ့ပါတယ်။

၁၀။ ဟင်းနရစ်ခ်လာဆင် (၁၉၉၉၊ အောက်တိုဘာ ၂၂ ရက်)

ဂလက်စဂို ဆဲလ်တစ်ရဲ့ တိုက်စစ်မှူးဟာ အိုလံပစ်လိုင်ယွန်နဲ့ ကစားတဲ့ ယူအီးအက်ဖ်အေဖလားပြိုင်ပွဲမှာ တစ်ဖက်အသင်းရဲ့ ခပ်ကြမ်းကြမ်း ဖျက်ထုတ်ပုံကြောင့် ခြေထောက်ကျိုးသွားခဲ့ပါတယ်။ အဲဒီတုန်းက လာဆင်ရဲ့ ဘယ်ဘက်ခြေချင်းဝတ်ဟာ အထက်ကို ကွေးတက်သွားသလိုတောင် ဖြစ်နေခဲ့တာကြောင့် မြင်သူတိုင်း တုန်လှုပ်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ခြေသလုံးကာ နေရာလွဲသွားတာကြောင့် အမြင်ဆိုးခဲ့တာဖြစ်ပြီး ဒဏ်ရာက မူလမှန်းသလောက် မပြင်းထန်ခဲ့ပါဘူး။ ဒါပေမဲ့ လအတန်ကြာအနားယူဖို့ လိုအပ်ခဲ့ပြီး တစ်ကျော့ပြန် ဘောလုံးကစားရာမှာ ဆွီဒင်လက်ရွေးစင်ဟာ အရင်ကထက်တောင် ခြေစွမ်းပိုပြလာနိုင်ခဲ့ပါတယ်။ သူဟာ ဆဲလ်တစ်အတွက် ၂၄၂ ဂိုးသွင်းပေးပြီး ကလပ်ရဲ့ ဂိုးသွင်းစံချိန်ရှင်အဖြစ် ရပ်တည်ခဲ့ပါတယ်။

_Ref: Mirror

By - ဇွဲရဲဝင့်

Original link - http://www.7daydaily.com/story/46690

ပရီးမီးယားလိဂ် ပွဲကြို ခန့်မှန်းချက်




ပရီးမီးယားလိဂ် ပွဲစဉ်တွေ စတင်ပြီး အရှိန်ရ လာတာနဲ့ အမျှ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ် ၆ ပွဲမြောက် ပွဲစဉ်တွေ စက်တင်ဘာ ၁၉ ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။


စက်တင်ဘာ ၁၉ ရက်မှာတော့ ပွဲစဉ် ၇ ပွဲ ကစားကြ မှာလည်း ဖြစ်ပါတယ်။ ဒီကနေ့ ကစားမယ့် ပွဲထဲမှာတော့ ချဲလ်ဆီးနဲ့ အာဆင်နယ်တို့ပွဲကတော့ ပရိသတ်တွေ စိတ်ဝင်စားမယ့် ပွဲတပွဲဖြစ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆွမ်ဆီးနဲ့ အဲဗာတန်တို့ ပွဲတွေကလည်း စိတ်လှုပ်ရှားစရာပွဲတပွဲ ဖြစ်လာနိုင်ပါတယ်။

စက်တင်ဘာ ၂၀ ရက်မှာတော့ မန်ယူအသင်းအပါအ၀င် တခြား ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲကစားမှာ ဖြစ်ပါတယ်။

ဒီတပတ်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဘယ်အသင်းတွေ အနိုင်ရနိုင်သလဲ ဆိုတာကို ဘောလုံးပွဲခန့်မှန်းသူတွေရဲ့ ခန့်မှန်းချက်တွေကို စုစည်းတင်ဆက်ပေးထားပါတယ်။

ချဲလ်ဆီး-အာဆင်နယ်

စက်တင်ဘာ ၁၉ ရက်အတွက် ပရီးမီးယားလိဂ် ဘောလုံးပရိသတ်တွေ စိတ်ဝင်အစားဆုံး ပွဲတပွဲလို့ ပြောလို့ရပါတယ်။ ချဲလ်ဆီးရဲ့ အိမ်ကွင်းမှာ အာဆင်နယ်တို့ ယှဉ်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲဟာ ဇယားနံပါတ် ၁၇ မှာ ရုန်းကန်နေရတဲ့ ချဲလ်ဆီးအသင်းအတွက် အရေးပါတဲ့ ပွဲတပွဲဖြစ်ပါတယ်။ ဒီပွဲအနိုင်ရရင်တော့ ရုန်းကန်နေရတဲ့ ချဲလ်ဆီး ယုံကြည်မှုတွေ ပြန်လည်ရရှိလာနိုင်ပါတယ်။ လက်ရှိ အသင်း ၂ သင်းရဲ့ ရပ်တည်မှုကို ကြည့်လိုက်ရင် ချဲလ်ဆီးက ဇယား နံပါတ် ၁၇ မှာ ရပ်တည်နေသလို အာဆင်နယ်ကတော့ နံပါတ် ၄ နေရာမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်က ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဖလားပြိုင်ပွဲမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။

ပရီးမီးယားလိဂ် ကစားခဲ့ပြီးတဲ့ ၅ ပွဲမှာ ချဲလ်ဆီးအသင်းက ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲ ရှုံးထားပါတယ်။ အာဆင်နယ်ကတော့ ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲရှုံးထားပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးက အလယ်တန်းသမား ၀ီလီယံက ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။ ဖဲလ်ကာအိုနဲ့ အော်စကာကလည်း ဒူးဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ဖို့ မသေချာသလို ပက်ဒရိုကလည်း ပေါင်ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်နိုင်ချေရှိပါတယ်။ အာဆင်နယ်အသင်းက နောက်ခံကစားသမား မာတီဆက်ကာကတော့ ဗိုင်းရပ်စ်ကြောင့် ၄ ပွဲလောက် မကစားနိုင်ဖြစ်နေပါတယ်။ ဂိုးသမား ပီတာချက်ကတော့ ဒီပွဲမှာ ကစားနိုင်ချေရှိပါတယ်။

ပွဲကို သုံးသပ်သူတွေကတော့ အာဆင်နယ်ဟာ ချဲလ်ဆီးထက် ရာသီစတာ ပိုကောင်းပေမယ့် ခြေစွမ်းက သာမာန်လောက်ပဲရှိသေးတယ်လို့ ဆိုပါတယ်။ ဘီဘီစီ ဘောလုံးပွဲကြိုခန့်မှန်းသူ မတ်ခ် လော်ရိုဆန်ကတော့ ဒီပွဲကို သရေကျမယ်လို့ မှန်းပါတယ်။ စကိုင်းစပေါ့က ပေါလ်မာဆန်ကတော့ ချဲလ်ဆီးနိုင်မယ်လို့ မှန်းပါတယ်။

အက်စ်တွန်ဗီလာ-၀က်စ်ဘရွန်း

ဇယားနံပါတ် ၁၅ က ဗီလာနဲ့ ၁၄ က ၀က်စ်ဘရွန်းတို့ ကစားမှာ ဖြစ်ပါတယ်။ ဗီလာက ၅ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲရှုံးထားသလို ၀က်စ်ဘရွန်းကတော့ ၅ ပွဲကစား ၁ ပွဲနိုင် ၂ ပွဲသရေ ၂ ပွဲရှုံးထားပါတယ်။ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ အချိန်မှာတော့ ဗီလာက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ကစားထားပါတယ်။ အရင်ပွဲက ၂ ဂိုးနဲ့ ဦးဆောင်ကစားပြီး ၃ ဂိုးပြန်ပေးကာ လက်စတာကို အရှုံးပေးလိုက်ရတဲ့ ခြေစွမ်းကို မူတည်ပြီး လော်ရိုက ဗီလာရှုံးမယ်လို့ မှန်းပါတယ်။ မာဆန်ကတော့ ဗီလာနိုင်မယ်လို့ မှန်းပါတယ်။

ဘုန်းမောက်- ဆန်းဒါးလန်း

၅ ပွဲကစား တပွဲနိုင်ထားတဲ့ ဘုန်းမောက်နဲ့ နိုင်ပွဲရှာမတွေ့သေးတဲ့ ဆန်းဒါးလန်းတို့ ကစားမယ့် ပွဲဖြစ်ပါတယ်။ တန်းတက် ဘုန်းမောက်နဲ့ ဆန်းဒါးလန်းတို့ ပရီးမီးယားလိဂ်မှာတော့ ဆုံတွေ့ကစားခဲ့ဖူးခြင်း မရှိသေးပါဘူး။ လော်ရိုရော မာဆန်ပါ ဒီပွဲမှာ ဘုန်းမောက်နိုင်မယ်လို့ ခန့်မှန်းပါတယ်။

နယူးကာဆယ်-၀တ်ဖိုဒ့်

နိုင်ပွဲပျောက်နေတဲ့ ဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့ နယူးကာဆယ်နဲ့ ၀တ်ဖိုဒ့်တို့ ကစားကြမှာ ဖြစ်ပါတယ်။ ၅ ပွဲမှာ ဆွမ်ဆီး ၁ သင်းကိုသာ နံပါတ် ၁၃ မှာရပ်နေတဲ့ ၀တ်ဖိုဒ့်က အနိုင်ရထားခဲ့ပြီး ၃ ပွဲသရေနဲ့ ၁ ပွဲရှုံးထားပါတယ်။ လော်ရိုရော မာဆန်ပါ နယူးကာဆယ်ကို နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

စတုတ်-လက်စတာ

ဇယားနံပါတ် ၂ က လက်စတာနဲ့ နံပါတ် ၁၈ က စတုတ်တို့ ကစားကြမယ့်ပွဲ ဖြစ်ပါတယ်။ နောက်ဆုံးပွဲမှာတော့ စတုတ်က ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ထားပါတယ်။ ဒီ ၂ သင်းလုံးဟာ တော့တင်ဟမ်နဲ့ ကစားခဲ့ဖူးပြီး ၂ သင်းလုံး သရေကျခဲ့ပါတယ်။ အရင်တပတ် ဗီလာနဲ့ကစားစဉ်က နောက်ကနေ လိုက်ကစားခဲ့ပြီး အနိုင်ရတဲ့ လက်စတာ ခြေစွမ်းကလည်း မသေးပါဘူး။ လော်ရိုနဲ့ မာဆန် ခန့်မှန်းချက်က ဒီပွဲမှာလည်း တူညီနေပါတယ်။ စတုတ်နိုင်မယ်လို့ ခန့်မှန်းပါတယ်။

ဆွမ်ဆီး-အဲဗာတန်

ဒီပွဲကတော့ ကြည့်ကောင်းမယ့်ပွဲတပွဲဆိုရင်တော့ မမှားပါဘူး။ ချဲလ်ဆီးကို သရေကစားထားတဲ့ ဆွမ်ဆီးနဲ့ အနိုင်ကစားထားတဲ့ အဲဗာတန်တို့ ကစားကြမယ့်ပွဲလည်း ဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်မှာတော့ ဒီ ၂ သင်းက သရေကျထားပါတယ်။ ဇယားမှာလည်း ၂ သင်းက ကပ်လျက်ရပ်တည်နေပါတယ်။ အဲဗာတန်က ၇ နဲ့ ဆွမ်ဆီးက ၈ မှာ ရပ်တည်နေပါတယ်။ အားကစားခန့်မှန်းတဲ့သူတွေကတော့ သရေကျမယ်လို့ မှန်းထားပါတယ်။

မန်စီးတီး-၀က်စ်ဟမ်း

၅ ပွဲဆက်တိုက် ရှုံးပွဲမရှိ အနိုင်ကစားထားတဲ့ ဇယားထိပ်က မန်စီးတီးနဲ့ ၃ ပွဲနိုင် ၂ ပွဲရှုံးထားတဲ့ ၀က်စ်ဟမ်းတို့ ကစားမယ့်ပွဲဖြစ်ပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ်ကတော့ မန်စီးတီးက ၀က်စ်ဟမ်းကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။

တော့တင်ဟမ်- ခရစ္စတယ်ပဲလေ့စ်

ဒီပွဲအပေါ် ဘောလုံးပွဲ ခန့်မှန်းတဲ့သူတွေရဲ့ ခန့်မှန်းချက်ကတော့ ကွဲလွဲနေပါတယ်။ ဘီဘီစီက လော်ရိုကတော့ တော့တင်ဟမ်နိုင်မယ်လို့ မှန်းပါတယ်။ စကိုင်းစပေါ့က မာဆန်ကတော့ ပဲလေ့စ်ကို အနိုင်ပေးထားပါတယ်။ ဘယ်သူမှန်သလဲဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ပဲလေ့စ်က ၃ ပွဲနိုင်ထားပေမယ့် တော့တင်ဟမ်ကတော့ တပွဲပဲ အနိုင်ရထားပါတယ်။ နောက်ဆုံးတွေ့ဆုံစဉ် ရလဒ်အရ ပဲလေ့စ်က တော့တင်ဟမ်ကို အနိုင်ရထားပါတယ်။

လီဗာပူး-နောဝှစ်ခ်ျ

လီဗာပူးနဲ့ တန်းတက် နောဝှစ်ခ်ျတို့ အရင်နှစ် ပရီးမီးယားလိဂ်မှာတော့ မဆုံခဲ့ဖူးသေးပါဘူး။ အမှတ်ပေးဇယားမှာတော့ နောဝှစ်ခ်ျက နံပါတ် ၉ နဲ့ လီဗာပူးက နံပါတ် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ ၂ သင်းစလုံး ၅ ပွဲကစား ၂ ပွဲနိုင် ၁ ပွဲသရေ ၂ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။ ဘောလုံးပွဲကြိုခန့်မှန်းတဲ့ လောရိုရော မာဆန်ပါ လီဗာပူးကို အနိုင်ပေးထားပါတယ်။

ဆောက်သမ်တန်-မန်ယူ

နောက်ဆုံးတွေ့ဆုံစဉ် ဆောက်သင်တန်က ၁ ဂိုး ဂိုးမရှိနဲ့ နိုင်ထားတဲ့ အနိုင်ကို မန်ယူတို့ ချေပနိုင်မလား။ နောက်ထပ် ရှုံးကြွေးထပ်တင်မလားဆိုတာကို စောင့်ကြည့်ရမယ့် ပွဲစဉ်ဖြစ်ပါတယ်။ မန်ယူက ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးထားပြီး ဆောက်သမ်တန်ကတော့ ၅ ပွဲမှာ ၁ ပွဲနိုင် ၃ ပွဲသရေနဲ့ တပွဲရှုံးထားပါတယ်။ ဇယားနံပါတ် ၃ မန်ယူနဲ့ ၁၁ က ဆောက်သမ်တန်တို့ ကစားကြမယ့်ပွဲဖြစ်ပါတယ်။ လက်ရှိနိုင်ပွဲ ရရှိမှုကို ကြည့်ရင်တော့ မန်ယူက အနည်းငယ်သာနေတဲ့ အနေအထားမှာရှိပါတယ်။ လော်ရိုက ဆောက်သမ်တန်ကို အနိုင်ပေးထားသလို မာဆန်ကတော့ သရေကျမယ်လို့ မှန်းထားပါတယ်။

DVB by ဒီဗွီဘီ

Original link - http://burmese.dvb.no/archives/112658